CNI International News
လိုင်ဘရီဗီလီ၊ စက်တင်ဘာ ၁
ဂါဘွန်တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်အရာရှိများက ဗိုလ်ချုပ်ကြီး ဘရိုက်စ် အိုလီဂွီ အန်ဂွီမာ (Brice Oligui Nguema) ကို အသွင်ကူးပြောင်းရေး ခေါင်းဆာင်အဖြစ် သြဂုတ် ၃၀ ရက်က ခန့်အပ်ခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ် ပိုင်းမှ ဖော်ပြခဲ့သည်။
ထိုနေ့ အစောပိုင်းက လိုင်ဘရီဗီလီမြို့တော်၏ လမ်းများပေါ်တွင် စစ်သားများက ဗိုလ်ချုပ်ကြီး အန်ဂွီမာကို လေပေါ်မြှောက်တင်ပြီး အောင်ပွဲခံခဲ့ကြသည်။
ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် သမ္မတ အလီ ဘွန်ဂို (Ali Bongo) က ၎င်း၏ နေအိမ်တွင် ရိုက်ကူးထားပုံပေါ်သည့် ဗွီဒီယိုဖိုင်တစ်ခု ထုတ်ပြန်ခဲ့ပြီး ၎င်းကိုယ်စား ဝေဖန်ကန့်ကွက်မှုများ ပြုလုပ်ရန် ကမ္ဘာတစ်ဝန်းရှိ မိတ်ဆွေများကို တိုက်တွန်းခဲ့သည်။
ပြင်သစ်၏ ကိုလိုနီဟောင်းဖြစ်သည့်် ဂါဘွန်သည် အာဖရိက၏ အဓိက ရေနံထုတ်လုပ်သည့် နိုင်ငံများထဲတွင် ပါဝင်သည်။
အာဏာသိမ်းခံရတဲ့ သမ္မတ အလီ ဘွန်ဂိုကို တွေ့ရစဉ်
မစ္စတာ ဘွန်ဂို၏ အာဏာသိမ်းခံရမှုသည် ဗဟိုအာဖရိကနိုင်ငံကို ၅၅ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ၎င်းတို့ မိသားစု၏ အာဏာကို အဆုံးသတ်သွားစေခဲ့သည်။
သြဂုတ် ၃၀ ရက် အစောပိုင်းက စစ်တပ်အရာရှိများသည် အာဏာကို ရယူလိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံမှ ကြေညာ ခဲ့သည်။
မစ္စတာ ဘွန်ဂိုကို အနိုင်ရကြောင်း ကြေညာခဲ့သည့် သြဂုတ် ၂၆ ရက် ရွေးကောက်ပွဲ၏ မဲရလဒ်များကိုလည်း ပယ်ဖျက်ကြောင်း စစ်တပ်အရာရှိများက ပြောကြားခဲ့သည်။
အတိုက်အခံများကလည်း ထိုရွေးကောက်ပွဲတွင် အမှားအယွင်းများ ရှိခဲ့သည်ဟု ပြောသည်။
အာဏာသိမ်း စစ်တပ်အရာရှိတွေကိုတွေ့ရစဉ်
ထို့ပြင် မစ္စတာဘွန်ဂို၏ သားတစ်ဦးကိုလည်း နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ဖမ်းဆီးထားကြောင်း စစ်ခေါင်းဆောင် များက ပြောသည်။
နိုင်ငံ၏ အကူးအပြောင်း ကာလတွင် ခေါင်းဆောင်သစ် ရွေးချယ်ရေးအတွက် စစ်တပ်၏ ဗိုလ်ချုပ်ကြီးများ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် သမ္မတအစောင့်တပ်ဖွဲ့ အကြီးအကဲဟောင်းဖြစ်သည့် ဗိုလ်ချုပ်ကြီး အွန်ဂွီမာကို ခေါင်းဆောင်အဖြစ် ခန့်အပ်ရန် တညီတညွတ်တည်း မဲပေးရွေးချယ်ခဲ့ကြသည်။
ဂါဘွန်ပြည်သူများအနေနှင့် အလီ ဘွန်ဂို၏ အုပ်ချုပ်မှုအောက်တွင် မနေသင့်တော့ကြောင်း၊ ဂါဘွန် အနေနှင့်လည်း တတိယသက်တမ်းအတွက် ရွေးကောက်ပွဲတွင် ဝင်ရောက် မယှဉ်ပြိုင်ခဲ့သင့်ကြောင်း ဗိုလ်ချုပ်ကြီး အွန်ဂွီမာက ပြင်သစ်၏ Le Monde သတင်းစာကို ပြောကြားခဲ့သည်။
"လူတိုင်းက အဲဒီအကြောင်းကိုပဲ ပြောနေကြပေမယ့် ဘယ်သူကမှ တာဝန်ယူလုပ်ဆောင်ခြင်း မရှိခဲ့ပါဘူ။ အဲဒါ ကြောင့် စစ်တပ်က တာဝန်ယူ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ"ဟု အန်ဂွီမာက ပြောသည်။
လိုင်ဘရီဗီလီ မြို့တော်နှင့် အခြားမြို့များတွင်လည်း စစ်တပ်၏ အာဏာရယူကြောင်း ကြေညာချက် ထွက်ပေါ်ခဲ့ပြီး နောက် အောင်ပွဲခံခဲ့ကြသည်။
သို့သော် ဘွန်ဂို မိသားစုနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည့် ပြင်သစ် အပါအဝင် ကုလသမဂ္ဂနှင့် အာဖရိက သမဂ္ဂတို့က စစ်တပ်၏ အာဏာသိမ်းမှုကို ရှုတ်ချခဲ့သည်။
Source: ဘီဘီစီ