CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁

မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့ ဆက်ဆံရေးသည် မည်သည့်အဆင့် တစ်ခုမှာ ရှိနေသလဲဆိုသည့် အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအကဲခတ်များကြား သုံးသပ်ဆွေးနွေးနေကြသည်။ 

မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့သည် ယခင်ကတည်းက မဟာမိတ်ဆက်ဆံရေးရှိခဲ့ကြောင်း၊ ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နစကအာဏာရယူပြီးနောက် မဟာမိတ်ဆက်ဆံရေးမှာ ပိုမိုခိုင်မြဲလာ ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်အလွန် နိုင်ငံရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရေး ကြိုးစားနေကြကြောင်း၊ နိုင်ငံရေး/စစ်ရေး မဟာမိတ်အဖြစ် တည်ဆောက်ကြကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆိုတော့ မဟာဗျူဟာမြောက် မိတ်ဖက်သည် ရုရှားဖက်ကို အင်အားပြင်းပြင်းနဲ့ ရွေ့တာပေါ့၊ နောက် တရုတ်ဖက်ကလည်း ပြန်ပြီးတော့ ချိတ်ဆက်တာပေါ့၊ ၂၀၂၁ အလွန်ကာလမှာ အပြိုင်တော့ဖြင့် တရုတ်ရယ်၊ ရုရှားရယ်၊ မြန်မာ့အစိုးရ၊ မြန်မာ့တပ်မတော်ရယ်သည် လက်ရှိအကျပ်အတည်းကို ကျော်လွှားဖို့ ကြိုးစားတာပေါ့၊ အိန္ဒိယသည်လည်း မိတ်ဖက်သဘော ဖြစ်လာတာပေါ့၊ ဒါလည်း သူ့ရဲ့ အကျပ်အတည်းလည်း ဖြစ်မှာပေါ့၊ အားလုံး ကို ပြန်ကြည့်ရင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ မဟာဗျူဟာမြောက်မိတ်ဖက်က နယ်စပ်တစ်လျှောက်နိုင်ငံတွေနဲ့ အပြိုင်ပေါ့ဗျာ၊ အရှေ့ဥရောပ ရုရှားဖက်အထိ ရွေ့တာပေါ့၊ ဒါကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က လုံခြုံရေး ကောင်စီမှာ လူ့အခွင့်အရေး ဘာညာနဲ့ မှတ်ချက်ပြုတဲ့အခါမှာ ရုရှား-တရုတ်က မပါဘူးလေ။ ကျနော်ထင်တယ် ပိုခိုင်မြဲတဲ့သဘော အခုနောက်ပိုင်းမှာ တွေ့ရတာပေါ့၊ ဦးသန်းရွှေ တည်ဆောက်ခဲ့တဲ့ ရုရှား-မြန်မာ့တပ်မတော်ရဲ့ တည်ဆောက်မှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ ပိုခိုင်မြဲလာတာပေါ့၊ အခုကတော့ အားလုံးသည် multipolar ဖက်ကို သွားနေတာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံ ခြားရေးဝန်ကြီးနှင့် ရုရှား တာဝန်ရှိ ပုဂ္ဂိုလ်များ မကြာခဏ လာရောက်လေ့ရှိသလို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည်။

မြန်မာအနေဖြင့် ရုရှားနိုင်ငံအပေါ် မှီခိုမှုရှိနေသည်ဟု ပြောဆိုမှုများလည်း ရှိနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးထက်မြက်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရုရှား-ဗမာ ဆက်ဆံရေးဆိုတာတော့ ယေဘုယျ သိနေတဲ့အတိုင်း ဗမာနိုင်ငံအနေနဲ့ စစ်ကောင်စီ အနေနဲ့ ကတော့ ရုရှားအပေါ်မှာ လုံးဝမှီခိုတယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ အမေရိကန် သတင်းဌာနတွေရော ကျန်တဲ့သူ တော်တော်များများက ပြောနေကြတာရှိတယ်၊ အဲဒါ တကယ်ဖြစ်ရပ်က မှန်မမှန် ဟုတ်မဟုတ် ဆိုတာကတော့ ဒါကတော့ လက်တွေ့ ကျင့်သုံးတဲ့ သူတွေအပေါ် မူတည်လိမ့်မယ်၊ တစိတ်ထဲမှာ ဒုတိယ သူတို့အားထားတာတော့ တရုတ်လို့ ပြောတယ်၊ ဒါပေမယ့် တရုတ်လို့ ပြောပေမယ့်လည်း တချို့ ချင့်ချိန်မှု မရှိတဲ့လူတွေကတော့ လုံးဝ အကူ အညီ ရတယ်လို့ မထင်ဘူး။ တရုတ်က အတိုင်းအတာ တစ်ခုနဲ့ပဲ သူ့စီးပွားရေးလုပ်ငန်းအရ ထိန်းထိန်းသိမ်းသိမ်း လုပ်တယ်လို့ တချို့က တရုတ်ဖက်ကနေ ရပ်တည်တဲ့လူလည်း ရှိတယ်။  တချို့ကြတော့လည်း တရုတ်မုန်းတီးရေး ပေါ် မူတည်ပြီးတော့ တရုတ်ကလည်း ဟုတ်တယ် လုံးဝထောက်ပံ့နေလို့ ဒီလူတွေ ဒီလောက်အထိ ရောင့်တက်နေ တာလို့ ပြောကြတယ်။ အဲဒါ အမှန်ကတော့ ကာယကံရှင်တွေ ကိုယ်တိုင်သိလိမ့်မယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ-ရုရှား ဆက်ဆံရေးသည် ပိုမိုရင်းနှီးသော ဆက်ဆံရေး၌ ရှိနေပြီး ရုရှားနိုင်ငံ၏ အကူအညီဖြင့် အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန် စီစဉ်နေသည်။