CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၉

မြန်မာ-ရုရှား ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေး ဆွဲရေး အစည်းအဝေးကို ဇွန်လ ၆ ရက်မှ ၇ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ရုရှားနိုင်ငံ၊ ခါဘရော့ဇ်မြို့၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးသို့ မြန်မာ၊ ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားနှင့် အိန္ဒိယ နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း မြန်မာဘက်က သတင်းထုတ် ပြန်ခဲ့သည်။

ထို့နောက် အဖွဲ့ဝင်နိုင်ငံများအကြား အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဒေသတွင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ် အဖွဲ့ကတော့ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် NUG၊ PDF များက စစ်ဘက်မဟုတ်သည့် အရပ်ဘက် ပစ်မှတ်များအား တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့် အထောက်အထားများ၊ NUG အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရသည့် အကြောင်းအရင်းများနှင့် နစက၏ အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား ထုတ်ဝေသည့် စာစောင်၊ ၎င်းစာစောင်ပါ အကြောင်းအရာများ ပါဝင်သည့် Memory Stick ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။