CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့် တပ်မတော်နှင့် ညှိနှိုင်းဆွေးနွေးသည့် အခင်းအကျင်း ဖြစ်လာခဲ့ မည်ဆိုလျှင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် PDF များသည် ၎င်းအတွက် နိုင်ဖဲတစ်ချပ် ဖြစ်လာနိုင်သည် ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာန သို့ ပြောသည်။ 

KIA သည် ၁၉၉၄ ခုနှစ်က တောင်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့များ မဟာမိတ်ဖွဲ့ထားသည့် ကြားကနေ တပ်မတော်နှင့် တစ်ဖွဲ့တည်း သီးခြား ငြိမ်းချမ်းရေး ယူသွားခဲ့သလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ကို ၎င်း၏ ထိန်းချုပ်နယ်မြေကနေ ထွက်ခွာခိုင်းခဲ့သည်။

ထို့ကြောင့် လက်ရှိ အခင်းအကျင်းတွင်လည်း KIA သည် NUG- PDF တို့ကို အသုံးချပြီး ၎င်း၏ အမျိုးသား အကျိုး စီးပွားအတွက် ယခင်ဖော်ဆောင်ခဲ့သည့် သမိုင်းကြောင်းအတိုင်း အကောင်အထည် ဖော်သွားနိုင်သည်ကို သတိ ထားသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံ‌‌ရေးအကဲခတ်များက ထောက်ပြကြသည်။ 

KIA အနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် ယခင်ပုံစံအတိုင်း NUG ကိုလည်း မဖော်ဆောင်နိုင်ဘူးဟု မပြောနိုင် ကြောင်း၊ လက်ရှိ အခြေအနေအရ NUG သည် KIA အတွက် နိုင်ဖဲတစ်ချပ် ဖြစ်ကောင်းဖြစ်သွားနိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နာဂဒေသကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ရောက်လာစဉ်

၎င်းက “ပြီးခဲ့တဲ့ အတိတ်တုန်းကပေါ့နော် သူတို့လည်း ဒါကိုတော့ အားနည်းချက် အားသာချက် ပြန်သုံးသပ် ကောင်း သုံးသပ်လိမ့်မယ်။ လမ်းဟောင်းကြီးအတိုင်း လိုက်ချင်လည်း လိုက်လိမ့်မယ်။ ၁၉၉၄ မှာ နဝတအစိုးရနဲ့ အပစ်အခတ်ရပ်စဲလိုက်တယ်။ အပစ်အခတ်ရပ်စဲပြီးမှ မြောက်ပိုင်းမှာရှိတဲ့ ABSDF ကို မောင်းထုတ်ခဲ့ဖူးတာ ရှိတာ ပေါ့နော်။ အဲ့တုန်းကဆိုရင်တော့ ABSDF ဆိုရင်တေ့ာ NCGUB ရဲ့ လက်အောက်မှာ သူတို့လုပ်တာပေါ့။ ဒါကြောင့်မို့ အဲဒီတုန်းကတော့ KIA ဌာနချုပ်ကနေပြီးမှ မောင်းထုတ်ခဲ့တာပေါ့။ အဲဒီ သာဓကလေးတစ်ခုတော့ ရှိတာပေါ့။ အခု လည်း KIA အနေနဲ့က စစ်တပ်ကို အကျိုးအမြတ် ရှိမယ်ဆိုရင်တော့ မလုပ်ဘူးလို့ ပြောလို့ မရဘူးပေါ့လေ။ အတိတ် တုန်းကလည်း လုပ်ခဲ့တယ်။ ဒါကလည်း သူ့ရဲ့အကျိုးအမြတ်အတွက် ကြီးကြီးမားမား သူရသွားခဲ့ပြီလေ။ ယနေ့ အချိန်လည်း သူကတော့ အမျိုးသား အကျိူစီးပွားပဲကြည့်တဲ့ အဖွဲ့အစည်းဆိုတဲ့ အခါကျတော့ သူတို့ အမျိုးသား အကျိုးစီးပွားအတွက် အကျိုးရှိမယ်ဆိုရင်တော့ သူမလုပ်ဘူးလို့ ပြောလို့ မရဘူးပေါ့။ ၉၄ (၁၉၉၄) မှာ ငြိမ်းချမ်းရေး ယူပြီး ၉၆ မှာ ABSDF ကို မောင်းထုတ်တဲ့ ပုံစံမျိုးကို သူ မလုပ်ဘူးလို့တော့ ပြောမရဘူး။ အခု NUG နဲ့ ပတ်သက် ပြီးတော့ပေါ့လေ။ ဒါကတော့ သူ့ဘက်ကနေပြီးမှ ဖဲချပ်တွေ နိုင်ဖဲတွေများများ ကိုင်ထားဖို့ လိုအပ်တာကို။ အဲဒါ လည်း NUG-PDF ဆိုတာလည်း သူ့အတွက်ကို အပေးအယူလုပ်မယ့် နိုင်ဖဲတစ်ချပ် ဖြစ်ကောင်းဖြစ်သွားနိုင်တာ ပေါ့” ဟု ပြောသည်။

ထို့ပြင် KIA နှင့် မြန်မာ့တပ်မတော် ဆွေးနွေး လာခဲ့မည်ဆိုပါကလည်း လက်နက်ချသည့် ဆွေးနွေးမှုမျိုး ဖြစ်လာမှာ မဟုတ်သေးဘူးဟု စိုင်းဋ္ဌေးအောင်က ဆက်လက် ပြောသည်။ 

၎င်းက “ဆွေးနွေး လာနိုင်ခြေတော့ ရှိပါတယ်။ ဆွေးနွေးတယ်ဆိုတာလည်း လက်နက်ချတဲ့ ဆွေးနွေးမှုမျိုးတော့ မဟုတ်သေးဘူး။ စကားပြောနေတယ်ပေါ့နော် တစ်ဖက်မှာ စစ်ကတော့ တိုက်နေအုံးမှာပဲ သူတို့။ သူတို့ ဘာလို ချင်တယ်ဆိုတဲ့ ကဏ္ဍမျိုးထိ ရအောင်တော့ ဟိုဘက်ကလည်း ဆွဲမယ်။ ဒီဘက်ကလည်း ၂၀၀၈ ကို အခြေခံပြီးမှ ဆွေးနွေးမယ်။ ရလဒ်မထွက်တဲ့ ဆွေးနွေးပွဲတွေကတော့ အကြိမ်ကြိမ်တော့ ဖြစ်လာအုံးမယ်လို့တော့ မြင်ပါတယ်” ဟု ပြောသည်။

KIA ခေါင်းဆောင် ဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို တွေ့ရစဉ်

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ပြောကြားချက်အရ KIA ကိုယ်၌က မြန်မာ့တပ်မတော်နှင့် ဆွေးနွေးချင်စိတ်မရှိသည့် သဘောမျိုး မြင်တွေ့ရကြောင်း၊ မဖြစ်မနေ ဆွေးနွေးခဲ့မည်ဆိုလျှင်လည်း KIA အနေဖြင့် NUG-PDF တို့ကို ထည့်တွက်နေမည့် သဘောမျိုး မဟုတ်ဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “လောလောဆယ် KIA ကိုယ်တိုင်ကိုက အစိုးရနဲ့ ဆွေးနွေးချင်စိတ် မရှိသေးဘူးဆိုတဲ့ သဘောကို မြင်ရ တယ်ပေါ့နော်။ ဗိုလ်ချုပ်ကြီးဂွမ်မော် ပြောနေတဲ့ စကားအရ ကောက်ချက်ချမယ်ဆိုလို့ရှိရင်။ ဒါကြောင့်မို့လို့ လက်ရှိ မြန်မာအစိုးရ အနေနဲ့ လိုက်လျောနိုင်ခြင်း မရှိတဲ့ဟာကို သူကပြောတာပေါ့။ NUG-PDF ပါမှ ဆွေးနွေးမယ်ဆိုတဲ့ ဟာကို ပြောတည်းကိုက မဆွေးနွေးဘူးလို့ တည့်မပြောချင်တဲ့ အတွက်ကြောင့်မို့လို့ မြန်မာအစိုးရ မလုပ်နိုင်တဲ့ ဟာကို တမင်သပ်သပ် တင်ပြီးတော့မှ ပြောတယ်လို့ ယူဆတယ်ပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ သူ့အနေနဲ့ ဒီဟာ ကို ဆွေးနွေးဖို့ အဆင်သင့် လောလောဆယ် မဖြစ်သေးဘူးပေါ့။ အဓိက,ကတော့ အခုလောလောဆယ် ဆွေးနွေး လိုခြင်း မရှိတဲ့အတွက်ကြောင့်မို့လို့ ဒီစကားပြောတာပေါ့။ အကယ်၍ မဖြစ်မနေ ဆွေးနွေးတော့မယ် ဆိုလို့ရှိရင် လည်း သူကတော့ ဒီ ဟိုဟာတွေ (NUG-PDF) ကိုက သိပ်ထည့်တွက်နေမှာ မဟုတ်ပါဘူး။ အဓိက,ကတော့ ဒီအပေါ်ကနေ ဘယ်လောက် အကျိုးစီးပွားရှိမလဲပေါ့။ ဒါအရေးကြီးတယ်လို့ ထင်ပါတယ် သူတို့အနေနဲ့။ KIA အနေ နဲ့ကတော့ NUG သည် အသုံးချစရာ တစ်ခုကတော့ ကောင်းကောင်းရပြီ။ Joker ဖဲလို့တောင် ပြောလို့ရ တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တစ်သက်လုံး အိပ်မက်မက်ခဲ့လို့ မရှိခဲ့တဲ့ အခင်းအကျင်းမျိုး စစ်ကိုင်းတိုင်းကို ခြံစည်း ရိုး ထားတယ်ဆိုတဲ့ အနေအထားမျိုးထိ ရောက်လာတယ်ဆိုတဲ့ဟာက ဒါမရှိခဲ့ဖူးလေ အရင်တုန်းက။ ဒီတစ်ခါ လုပ်နိုင်တယ်ဆိုတာ ဒီဖဲကြောင့်မလို့ သူတို့လုပ်နိုင်တာပေါ့”ဟု ပြောသည်။ 

လက်ရှိတွင် KIA သည် စစ်ကိုင်းတိုင်းဒေသကြီး၌ NUG-PDF အပါအဝင် တခြားသော လက်နက်ကိုင်အဖွဲ့များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေး၍ ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ)စစ်ဆင်ရေးကို ဖော်ဆောင်၍ စစ်ကိုင်းတိုင်း တစ်ခုလုံး ထိန်းချုပ်ရေးနှင့် အနောက်မြောက် ဒေသတစ်လျှောက် ထိန်းချုပ်ရေး ကြိုးပမ်းလျက်ရှိ သည်။