CNI News 

၂၀၂၆ ခုနှစ်၊ မေလ ၂၀

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အဆင်ပြေပါက မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခ တည်ငြိမ်လာနိုင်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်လျက်ရှိသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်ပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ် စသည့် ဒေသများအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေး၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။

ထို့နောက် KIA သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် (ကချင်-စစ်ကိုင်းတိုင်း-ချင်း- ရခိုင်) လွတ်မြောက်ရေးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်း-ကွတ်ခိုင်-သိန္နီတို့ကို Kachin Sub-State အဖြစ် ထိန်း ချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ၌ KIA နှင့် ငြိမ်းချမ်းရေး လုပ်နိုင်ပါက မြန်မာပြည် တစ်ဝက်ကျော်ကျော်လောက် ငြိမ်းချမ်းသွားနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ တရုတ်ကိုယ်စားလှယ်ဟောင်း မစ္စတာဆွန်ကော်ရှန်ကို တွေ့ရစဉ်

၎င်းက “KIA နဲ့ ငြိမ်းချမ်းရေး ပြေလည်သွားရင်တော့ မြန်မာပြည် တစ်ဝက်ကျော်ကျော်လောက်က ငြိမ်းချမ်းသွား လိမ့်မယ်။ KIA နဲ့ ပြေလည် သွားပြီးနောက်မှာ ငြိမ်းချမ်းသွားနိုင်ပြီ ဆိုပေမယ့် သူခိုး/ဓားပြ ရန်တော့ တစ်ချက် များလာလိမ့်မယ်လို့ မြင်တယ်။ အခုကလည်း ကျနော်တို့ မြန်မာနိုင်ငံမှာ စစ်ဖြစ်နေတာ နှစ်ပေါင်းကြာပြီဆိုတော့ ပြည်သူတွေလည်း ဒုက္ခရောက်လှပြီ။ ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ပဲ သွားစေချင်တယ်။ နောက်ပြီးတော့ ကျနော်တို့  က အာဆီယံ ၁၁ နိုင်ငံထဲမှာလည်း ဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပြီ။ အဲဒီအတွက်ကြောင့်မို့ လက်နက်ကိုင်  အဖွဲ့အစည်း တွေရော၊ အစိုးရတွေရော ငြိမ်းချမ်းတဲ့ လမ်းကြောင်းနဲ့ အဖြေရှာပြီး သွားကြမယ် တိုင်ပင်ဆွေးနွေးပြီးမှ သဘောတူ ပြီး သွားကြရင် ကောင်းလိမ့်မယ်လို့ ထင်တယ်ဗျ။ မြန်မာနိုင်ငံက ကိုယ့်ပြည်သူ ပြည်သားတွေရဲ့ မျက်နှာကြည့်ပြီးမှ ကျနော်တို့ ငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန် ဖော်ဆောင်ပေးဖို့ လိုအပ်နေပြီလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ပြောသည်။

KIA သည် တရုတ်ကိုယ်စားလှယ်ဖြင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိပြီး NUG ကို မြန်မာ့တပ်မတော်က လက်ခံပါက တွေ့ဆုံဆွေးနွေးရန် စဉ်းစားထားကြောင်း KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်လာနိုင်ကြောင်း၊ သို့သော် KIA နှင့် မြန်မာ့တပ်မတော်ကြား ဆွေးနွေးပွဲ ဖြစ်လာမလာကိုတော့ မပြောနိုင်ကြောင်း၊ KIA က NUG ပါရင် ဆွေးနွေးမည်ဟု ပြောထားကြောင်း တရုတ်- မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံမှ ခေါင်းဆောင်များကိုတွေ့ရစဉ်

၎င်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကတော့ ဖြစ်လာမယ်ထင်တယ် ကြည့်ရတာတော့။ ဒါပေမယ့် KIA နဲ့ ဖြစ် မဖြစ်တော့ မပြောတတ်ဘူး။ KIA ကို တရုတ်က ဟိုတလောက လာပြီးတော့ ဆွေးနွေးခိုင်းတုန်းကတော့ KIA က NUG တို့ပါ တစ်အုပ်တည်း ဆိုလို့ရှိရင် ဆွေးနွေးမယ်လို့ ပြောလွှတ်လိုက်တာတော့ ကြားတယ်။ အဲဒီတော့ တစ်ဦး ချင်း ဆွေးနွေးဖြစ်ချင်မှ ဆွေးနွေးမယ်။ ဒါပေမယ့် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေတော့ ဖြစ်ကောင်း ဖြစ်နိုင်မလား မသိဘူး” ဟု ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ အင်းတော်ကြီး စသည့် ဒေသများတွင် မြန်မာ့ တပ်မတော်နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေသလို ပန်ဝါ၊ ချီဖွေ၊ ကံပိုင်တည် တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး မြန်မာ့တပ်မတော်က ပြင်ဆင်လျက်ရှိသည်။

သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ကတော့ NCA ထိုးထားသည့် လက်နက်ကိုင်များ အပါအဝင် NCA မထိုးရသေးသည့် လက်နက်ကိုင်များ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက် နောက်ဆုံး ထား၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။