CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၀
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အာရက္ခတပ်တော်(AA) အကြား တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ပေါက် ကာ ငြိမ်းချမ်းရေးရရေးအတွက် ဘာတွေ လုပ်ဆောင်သင့် သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ ကြား သုံးသပ်မှုများ ရှိနေကြသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး AA သည် ပလက်ဝနှင့် ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားသလို တပ်မတော်ကလည်း မြို့နယ် ၃ ခု ထိန်း ချုပ်ထားသည်။
ငြိမ်းချမ်းရေးနှင့် ဆွေးနွေးရေး ဖြစ်ရန်အတွက် ဟန်ပြပုံစံဖြင့် သွားမည်ဆိုပါက အဖြေထွက်မည် မဟုတ်ဘဲ အချင်း ချင်းကြား ယုံကြည်မှု တည်ဆောက်သည့် လုပ်ငန်းစဉ်ကို ဦးစွာ လုပ်ဆောင်ရန်လိုကြောင်း၊ ဆွေးနွေးကြရာတွင် လည်း ပကတိ အခြေအနေပေါ် မူတည်ပြီးမှသာ အဖြေရှာသည့် လုပ်ငန်းစဉ်မျိုး ချမှတ်လုပ်ကိုင်ရန်လိုကြောင်း ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက အရေးကြီးတာက ဆွေးနွေးရေးဖြစ်ဖို့၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ဆိုရင် အမှန်တကယ် ငြိမ်းချမ်းရေး တည်ဆောက်လိုစိတ် စိတ်ကောင်း စေတနာကောင်းရှိဖို့ အရေးကြီးတယ်။ ငြိမ်းချမ်းရေး၊ တွေ့ဆုံ ဆွေးနွေးရေးဆိုတဲ့ ပုံစံမျိုးကို ဟန်ပြဆွေးနွေးတဲ့ ပုံစံမျိုးလောက်နဲ့ အဲဒီလိုပုံစံမျိုး ဆိုရင်တော့ခါ အဖြေထွက်နိုင်မှာ မဟုတ်ဘူး။ အဓိက အရေးကြီးတာ ဆွေးနွေးဘက်တွေမှာ ယုံကြည်မှုရှိဖို့ အရေးကြီးတယ်။ ဆွေးနွေးဘက် အချင်း ချင်း ယုံကြည်မှု မတည်ဆောက်နိုင်ရင်တော့ ငြိမ်းချမ်းရေးတို့၊ တွေ့ဆုံ ဆွေးနွေးရေးတို့ ဆိုတာလည်း အဖြေထွက် လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဆွေးနွေးဖက်တွေက တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးရေး ဖြစ်စဉ်တွေအပေါ်မှာ ယုံကြည်မှုရှိဖို့ အရေးကြီးတဲ့အတွက်ကြောင့် ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေကို အရင်လုပ်ဆောင်ဖို့ လိုမယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက ၁၉၄၈ လွတ်လပ်ရေး ရပြီး ကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်တွေအပေါ်မှာ နိုင်ငံရေးနည်းလမ်းအရ အဖြေရှာပြီး ဖြေရှင်း ဆောင် ရွက်ခဲ့တဲ့ အားနည်းတဲ့အပိုင်းတွေ လွတ်လပ်ရေးပြီးကတည်းက ပေါ်ပေါက်လာခဲ့တဲ့ အစိုးရ အဆက်ဆက် အုပ်ချုပ် တဲ့ အဖွဲ့အစည်းတွေမှာ အားနည်းတဲ့ အခြေအနေလိုမျိုး အများကြီး ဖြစ်ပေါ်ခဲ့တာ ရှိတယ်။ အဲဒါကြောင့် အခု လက်ရှိ အခြေအနေအပေါ်မှာ သုံးသပ်ကြည့်မယ်ဆိုရင် လက်ရှိ ပကတိ အခြေအနေပေါ်မှာ မူတည်ပြီး အဖြေရှာတဲ့ လုပ်ငန်းစဉ်မျိုး ချမှတ်လုပ်ကိုင်ဖို့ လိုတယ်လို့ ကျနော်တော့ အဲဒီလိုပြောလိုတယ်” ဟု ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ကို တွေ့ရစဉ်
AA သည် ပြီးခဲ့သည့် ၂ နှစ်က တရုတ်နိုင်ငံမှာ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များဖြင့် ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးကြရာတွင် ရခိုင်ဒေသ၌ မြန်မာ့တပ်မတော်၏ တပ်များ မရှိစေရဟု AA ဘက်မှ တောင်းဆိုခဲ့ပြီး မြန်မာ့တပ်မတော်ဘက်မှလည်း ၂၀၂၃ ခုနှစ် မတိုင်ခင်က အခြေအနေမျိုးဆီ ပြန်သွားစေချင်နေ ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာနနှင့် အင်တာဗျူး၌ ပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးသည့် အခါတွင် ယခင်ကနေခဲ့သည့် နေရာများ ပြန်ရမှဖြစ်မည်ဆိုပါက အလုပ်မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ကိုယ်မြင်ထားတဲ့အတိုင်း အရင်တုန်းက ငါတို့နေခဲ့တဲ့နေရာ ပြန်ရမှဖြစ်မှာဆိုတာ မျိုးတွေကတော့ အလုပ်မဖြစ်နိုင်ဘူး။ အလုပ်ဖြစ်ချင်တယ်၊ အလုပ်ဖြစ်အောင်ဆိုရင်လည်း အခု လားရှိုးကို ပြန်ပေးတာမျိုး၊ မူဆယ် ပြန်ပေးတာမျိုး၊ အဲဒီလောက်ပဲ ကွက်ကွက်ကလေးပဲ ဩဇာအာဏာရှိနေပြီးတော့ ဘာမှမလုပ်နိုင်တဲ့ မြို့လေး ၁၂ ရပ်ကွက်လောက် အုပ်ချုပ်ရတဲ့ အနေအထားမျိုးလေးပဲ ဖြစ်နေမှာပေါ့။ ဘာလို့ဆို ကျယ်ပြန့်တဲ့ ပြည်သူလူထု အများစုနေတဲ့ ဒေသတွေက သူတို့အုပ်ချုပ်ထားတာကို။ သူတို့အုပ်ချုပ်ထားတဲ့ အုပ်ချုပ်ရေးစနစ်တွေ ဘာတွေကို အသိအမှတ် ပြုပေးရမလို ဖြစ်နေတာပေါ့။ အဲဒီဟာတွေကိုလည်း တစ်ခါတည်း အခြေခံဥပဒေနဲ့ အာမခံချက် ပေးမယ်ဆိုရင် အရေးကြီးတာက ပြည်သူလူထုတွေကိုလည်း ဒီမိုကရေစီ အခွင့်အရေးတွေ ခံစားရရှိဖို့အတွက် ပြည်နယ်အတွင်းမှာလည်း ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ တည်ထောင်ခွင့်၊ ရွေးချယ်ခွင့်၊ တင်မြှောက်ခွင့် အဲဒါတွေကို ကြည့်ပါ။ ပြည်နယ်အစိုးရကိုလည်း ပါတီစုံ ပြိုင်ဆိုင်ပြီးတဲ့ အခါကြတော့ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တဲ့ အစိုးရ အုပ်ချုပ်တာကို လက်ခံပါဆိုတဲ့ ပုံစံမျိုးနဲ့ သွားရမယ်ထင်တယ်။ ဒါပေမယ့် အခုလောလောဆယ် ကျနော်မြင်တာ ကတော့ အခုမြောက်ပိုင်းက တရုတ်ရဲ့ ဩဇာခံအဖွဲ့တွေကတော့ အဲဒီလို ပါတီစုံစနစ်ကို လက်ခံဖို့ အလားအလာ မမြင်ဘူး။ သူတို့ကတော့ တစ်ပါတီတည်း၊ သူတို့တပ်မတော်ပဲ ဆက်ပြီးတော့ အုပ်ချုပ်မယ်ထင်တယ်။ ဒါလည်း ကျနော်တို့ ညှိနှိုင်းပြီးတော့ ယူရမှာပေါ့။ ကာလဘယ်လောက် ယူမလဲပေါ့။ ဒီမိုကရေစီ ဖက်ဒရယ်စနစ် သွားချင် တာကို သွားချင်တဲ့ အခါကြတော့ ကာလ ဘယ်လောက်အထိ ပေးမလဲ ဒါကိုဆွေးနွေးရမယ် ထင်တယ်” ဟု ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
လက်နက်ကိုင်ပဋိပက္ခများ၏ အဓိက ပင်ရင်းသည် တွေ့ဆုံဆွေးနွေး စကားပြောကြခြင်းဖြင့် အဖြေရှာခြင်းဖြစ် ကြောင်း၊ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှ ဖြစ်မည်ဆိုသည်ကို လက်နက်ကိုင် အဖွဲ့အစည်းတိုင်း အနေဖြင့်လည်း ဦးစားပေး တစ်ခုအဖြစ် စဉ်းစားထားပုံရကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှ ဖြစ်မယ်ဆိုတာကတော့ လက်နက်ကိုင် အဖွဲ့အစည်း တိုင်းမှာ ဦးစားပေးတစ်ခု ဖြစ်ပုံရပါတယ်။ အလျှော့အတင်းလေးတွေ ဟိုဘက် ဒီဘက်က လက်နက်ကိုင်ပါတယ် ဆိုတဲ့ အဖွဲ့အစည်းတိုင်းက နိုင်ငံရေးရည်မှန်းချက် ဘယ်လောက်ရလို့ နယ်မြေကို သို့မဟုတ် သူတို့ရဲ့ ကဏ္ဍ တစ်ခု ကို ဆုတ်ပြီးမှ အပေးအယူ လုပ်မှာလဲဆိုတဲ့ဥစ္စာ ဒါကတော့ နိုင်ငံရေး ရလဒ်တစ်ခုခုကို နှစ်ဖက် မတည်ဆောက် နိုင်ဘဲနဲ့ အဖြေတစ်ခုကို ရဖို့က၊ လူထုကိုချပြဖို့က နှစ်ဖက် အဖွဲ့အစည်းမှာ ခက်ပါလိမ့်မယ်။ ဥပမာ- AA ပဲပြောပြော MNDAA ပဲ ပြောပြောပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းမှာ သူတို့မှာ ပါတီရှိမှာပေါ့၊ ပါတီဝင် ထုရှိမှာပေါ့၊ လက်နက် ကိုင် အဖွဲ့အစည်းရှိမှာပေါ့။ အဲဒီမှာ ရှိကြတဲ့ တပ်မှူး၊ တပ်သားတွေရှိမှာပေါ့။ အသက်ပေးခဲ့ရတာတွေ ရှိမှာပေါ့။ နယ်မြေကို လျှော့ပေးလိုက် ရတာရှိမှာပေါ့။ နယ်မြေ ရလာတာရှိမှာပေါ့။ လျှော့ပေးလိုက်ရရင်လည်း လျှော့ပေး လိုက်ရတဲ့အကြောင်းကြောင့် သူတို့ရဲ့ လူထု၊ တပ်မှူး၊ တပ်သားတွေ စိတ်ဓာတ်ကျရင် ကျမှာပေါ့။ နယ်မြေတစ်ခု ရလာတာကြောင့် သူတို့ရဲ့ တပ်မှူး၊ တပ်သားတွေ စိတ်ဓာတ်တက်ရင် တက်ကြမှာပေါ့။ ရပြီးသား နယ်မြေတစ်ခုကို ပြန်ပေးလိုက်တယ် ဆိုကတည်းကိုက သူတို့မျှော်မှန်း တိုက်ပွဲဝင်လာတဲ့ နိုင်ငံရေးအားဖြင့် ဒါတော့ဖြင့် ရပြီဆိုတဲ့ ကဏ္ဍတစ်ခု မရှိဘဲနဲ့ ဘယ်လိုမှ အလျှော့ပေးဖို့က ခက်နိုင်ခြေရှိတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မှ ကျန်ရှိသည့် ၃ မြို့နယ်အား ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း အပြီးသတ် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲကာ အောင်ပွဲရယူမည်ဟု AA ၏ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားထားသည်။
