CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၆
လက်ရှိ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား စစ်ရေးပဋိပက္ခ များဖြစ်ပွားနေသလို ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်မွတ်ဆလင်ဒုက္ခသည်များ၏ တောင်းဆိုမှုများကြောင့် မတည်ငြိမ်မှု များဖြစ်ပေါ်နေခြင်းက ရခိုင်လူမျိုးများ ပျောက်ကွယ် သွားနိုင်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များကြား အပြန်အလှန် မေးခွန်းထုတ်နေကြသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ၂ နှစ်ကျော်ကြာ AA နှင့် တပ်မတော်အကြား မြို့သိမ်း တိုက်ပွဲများ ပြင်းထန်နေပြီး AA က ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားကာ တပ်မတော်က စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူကို ထိန်းချုပ်ထားသည်။
တခြား တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မွတ်ဆလင် ဒုက္ခသည်များအရေးကြောင့် နိုင်ငံတကာဖိအားများ ခံနေရသလို ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းတစ်ခု တည်ဆောက်ရေး ကြိုးပမ်းမှုများရှိနေသည်။
ရခိုင်ဒေသသည် ၎င်းတို့လုပ်နေသည့်ပုံစံနှင့် မထိန်းသိမ်းနိုင်ဘူးဆိုလျှင် ရခိုင်ပျောက်သွားမည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီရခိုင်ဒေသက ပြောချင်တာကတော့ အခု သူတို့လုပ်နေတဲ့ ပုံစံနဲ့ကတော့ မထိန်းသိမ်း နိုင်ဘူးဆိုရင် နောက်ကျရင် ရခိုင်ပျောက်သွားမှာပေါ့နော်။ ရခိုင်တွေက တဖြည်းဖြည်းနဲ့ တောင်ဘက်ခြမ်းကိုပဲ ရောက်လာနေရ တော့မယ့် သဘော ဖြစ်ပါတယ်။ အခုက ၁၈၂၆ ခုနှစ်တုန်းက ဒီဘူးသီးတောင်၊ စစ်တွေက လွဲလို့ရှိရင် မောင်တော မှာ ဘင်္ဂါလီ တစ်ယောက်မှမရှိတဲ့ အနေအထားကနေ ရာနှုန်းပြည့် ဖြစ်သွားပြီလေ။ အဲဒီတော့ ရခိုင်တွေကမှ ကိုယ့် ကိုယ်ကို၊ ကိုယ့်နိုင်ငံကို မချစ်ပဲနဲ့ နိုင်ငံတော်ကို ပုန်ကန်နေလို့ရှိရင်တော့ တဖြည်းဖြည်းနဲ့ အခု မောင်တော၊ ဘူးသီးတောင်အပြင် မကြာခင် အဲဒီရသေ့တောင် အပါ။ အဲဒီ နောက်အနှစ် အနှစ် ၃၀ ဆိုလိုရှိရင် ရသေ့တောင် တစ်မြို့လုံးက ဘင်္ဂါလီဖြစ်မှာပဲ။ တဖြည်းဖြည်းနဲ့ မြောက်ပိုင်းတစ်ခုလုံးက ဘင်္ဂါလီဖြစ်သွားပြီးတော့ အကုန် ရခိုင်တွေ အားလုံးက ပြေးရမှာပဲ ဒီလိုပဲမြင်တယ်။ သူပုန်ထလေ ဒီကိစ္စကြီးဖြစ်စဥ်ကြီးက ပိုဖြစ်ဖို့ပဲရှိတာပေါ့နော် သတိပေးချင်တာပါ”ဟု ပြောသည်။

AA ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ အစိတ်အပိုင်းအချို့ကို ပူးပေါင်းကာ ခရစ်ယာန်နိုင်ငံအသစ်ထူထောင်ရန် လူဖြူနိုင်ငံတစ်ခုက ကမ်းလှမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ပြောကြားခဲ့ဖူးသည်။
ထို့နောက် ရှိတ်ဟာစီနာက သဘောမတူသည့်နောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ကျောင်းသားဆန္ဒပြမှုများ ပေါ်ပေါက်လာပြီးနောက် ရာထူးမှနုတ်ထွက်ပြီး အိန္ဒိယသို့ ထွက်ပြေးခဲ့ရသည်။
လက်ရှိ နိုင်ငံရေးသမားတိုင်း၊ နိုင်ငံကိုချစ်သည့် ပုဂ္ဂိုလ်တိုင်းသည် ယခုတိုင်းသာဆိုလျှင်ဆိုသည့် သဘောနှင့်တွေး ကြခြင်းဖြစ်ပြီး၊ ရခိုင်ပျောက်သွားရန် အကြောင်းမရှိဘူးဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီလိုပျောက်သွားဖို့ အကြောင်းကတော့ မရှိဘူးနော်။ ဒါနိုင်ငံရေးသမားတိုင်း၊ နိုင်ငံကိုချစ်တဲ့ ပုဂ္ဂိုလ် တိုင်းဟာ အနာဂတ် နှစ်ပေါင်း ၅၀, ၆၀ ရာချီ တွေးကြတဲ့ဟာလည်း ရှိပါတယ်။ ခုနက ပြောတဲ့ ပျောက်သွားနိုင် တယ် ဆိုတာက ဒါလက်ရှိ ကာလပုဂ္ဂိုလ်တွေ၊ အရင်ကာလတုန်းက ပုဂ္ဂိုလ်တွေ ဒီအတိုင်းသာ ဆိုရင်ဆိုတဲ့ သဘော နဲ့ တွေးခဲ့ကြတာ ဖြစ်မှာပေါ့။ ဒီတိုင်းသွားနေရင်ပေါ့ ဒီတိုင်းလူတွေ ပေါက်ကွဲနေရင် ဒီနယ်စပ်ပြဿနာကို မဖြေရှင်း နိုင်ခဲ့လို့ရှိရင် တစ်ဖက်မှာလည်း လူဦးရေ ပေါက်ကွဲတဲ့ နိုင်ငံကြီးတစ်ခု၊ နယ်စပ်ကလည်း မလုံခြုံ၊ မြစ်ကိုကူးတာနဲ့ ဟိုဘက်ဒီဘက် ဘယ်နိုင်ငံမှန်းမသိ၊ တစ်ဖက်က နယ်စပ်ကိုလည်းပဲ ဗဟိုအစိုးရဘက်က လုံလုံခြုံခြုံ ထိန်းသိမ်း နိုင်တဲ့ သဘောလည်း မရှိဘူး၊ တရားဥပဒေစိုးမိုးမှုလည်းမရှိဘူး၊ အဲဒီမှာ နိုင်ငံတစ်နိုင်ငံမှာ လိုအပ်တဲ့ Border guard (နယ်ကြားစောင့်)တို့၊ individual (တစ်ဦးချင်း )ကို စောင့်ကြပ်နေတဲ့ တရားဥပဒေ လက်နက်ပေါ့၊ ဒေါက် တိုင်တွေ မရှိဘူး၊ တရားဥပဒေစိုးမိုးမှုမရှိဘူး ဖျက်ချင်သလိုဖျက်၊ ဝင်ချင်သလိုဝင် ဒါမျိုးဆိုရင်တော့ ပျောက်နိုင်တာ ပေါ့။ ဒီပုံတိုင်းဆို ဒီတိုင်း ဖြစ်လာနိုင်တယ်။ ဒီပုံတိုင်း မဖြစ်ဖို့အတွက် ကျနော်တို့ဘက်က ကြိုးစားရမယ့်ဟာလေး တွေပါ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မူဂျာဟစ်သူပုန်များသည် ၁၉၄၈ မှ ၁၉၆၁ အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း (မေယုခရိုင်)တွင် အစ္စလာမ္မစ်နိုင်ငံထူထောင်ရန် သို့မဟုတ် ပါကစ္စတန်နှင့်ပေါင်းရန် ရည်ရွယ်ကာ ပုန်ကန်ခဲ့ဖူးသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
ထို့နောက် လက်ရှိတွင် အာဆာ(ARSA)၊ RSO၊ ARA စသည့် မွတ်ဆလင်သူပုန်များ ရခိုင်ပြည်နယ်အတွင်းမှာ လှုပ်ရှားနေပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတို့ကို စုစည်း၍ လွတ်လပ်သော မွတ်ဆလင်နယ်မြေ ထူထောင်ရန် ကြိုးပမ်းနေသည်။
နိုင်ငံတစ်ခု ပျောက်သွားနိုင်သည်ဆိုခြင်းက အစိုးရနှင့်လူထု ညံ့လျှင်ဖြစ်သွားနိုင်ကြောင်း၊ ယခုလို မညံ့ရန် ကြိုးစား ရမည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခုနကပြောတဲ့ individual (တစ်ဦးချင်း)က မြန်မာတစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ အချုပ်အချာ အာဏာ သူ့ရဲ့ နယ်စပ်အားလုံးက ခိုင်ခိုင်မာမာ ပြည်ထောင်စု၊ နိုင်ငံတော်ကြီးရဲ့ လက်ထဲမှာ ရှိရမှာပေါ့ဗျာ။ တရားဥပဒေ စိုးမိုးအောင် ခုနက နယ်စပ်တွေကို ပြန်ရ,ရမှာပေါ့ အစိုးရက။ ဒါမှလည်း ဟိုဘက်ကို ပြေးသွားတဲ့ ပုဂ္ဂိုလ်တွေရဲ့ Rematriation (နေရပ်ပြန်ရေး)ကို ပြန်လုပ်နိုင်မှာပေါ့။ အဲဒီလိုဖြစ်တဲ့အခါမှာ သူတို့တောင်းဆိုတိုင်းလည်းပဲ ဒီဘက် က ပေးရမယ်ဆိုတာမျိုးတော့ နိုင်ငံတစ်ခုရဲ့ အချုပ်အချာအာဏာ သူ့ရဲ့ ရပ်တည်ချက်အရ ရှိချင်မှ ရှိမှာပေါ့လေ။ ဒီရဲ့ ဥပဒေပြဋ္ဌာန်းချက်အရ ဒီဘက်က တရားဥပဒေပြဋ္ဌာန်းချက်မှာ ပေးနိုင်တဲ့ အခွင့်အရေးကို ပေးရမှာပေါ့။ အဲတော့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အေးအေးချမ်းချမ်းနဲ့ တည်ငြိမ်အေးချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် လူမှုစီးပွားဘဝကို ပြန်လည်ထူထောင်ဖို့ အစိုးရမင်းများသည် ဗဟိုအစိုးရဖြစ်ဖြစ်၊ ဒေသဆိုင်ရာအစိုးရဖြစ်ဖြစ် ဒါမျိုး ဗဟိုအစိုးရဖြစ်တဲ့ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ဟိုဘက် နိုင်ငံ ဆက်စပ်တဲ့အခါမှာ သံခင်းတမံခင်း အင်မတန် အရေးကြီးပါတယ်။ တစ်နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ နိုင်ငံရေး အချုပ်အချာအာဏာကို တစ်နိုင်ငံက အသိအမှတ်ပြုတာမျိုး ပြဿနာဖြစ်ရင်လည်း ငြိမ်းချမ်းစွာ အတူဖြေရှင်းတာ မျိုးနဲ့ ဒါ အပြုသဘောဆောင်စွာဖြင့် ဒီပြဿနာတွေကို ဖြေရှင်းမှသာလျှင် နိုင်ငံတစ်ခုမှာ မှီတင်းနေထိုင်တဲ့ လူမျိုးချင်းချင်းပေါ့၊ ရေရှည်ပေါ့၊ အတူယှဉ်တွဲ နေထိုင်နိုင်မယ်ထင်ပါတယ်။ ဒါကတော့ ဖြေရှင်းရမယ့် သဘောပါ။ ဒါပေမယ့် နိုင်ငံတစ်ခု ပျောက်သွားနိုင်တယ်ဆိုတာ အစိုးရညံ့လို့ ဖြစ်မှာပေါ့ လူထုညံ့လို့ ဖြစ်မှာပေါ့ အဲဒီလို မညံ့ဖို့ တော့ ကြိုးစားရမှာပေါ့”ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်၏ Jamaat-e-Islami ပါတီက ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် ဒါကာမြို့တော်၌ တရုတ်ကွန်မြူနစ် ပါတီကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများအတွက် လွတ်လပ်သည့်ပြည်နယ် ထူထောင် ရေးကို အဆိုပြုခဲ့သည်။
