CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁

မြန်မာနိုင်ငံတွင် ဧပြီလမှာ ပေါ်ပေါက်လာမည့် အစိုးရသစ်လက်ထက်၌ စစ်ပွဲကြောင့် လူမှုစီးပွား နိမ့်ကျသွားသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ဘယ်လိုလုပ်သင့်လဲဆိုသည့်အပေါ် ရခိုင်နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများကြား ထောက်ပြနေကြသည်။

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၂ ခုနှစ်က တစ်ကျော့ပြန် စစ်ပွဲဖြစ်ပွား ခဲ့ရာ AA သည် ရခိုင်ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး မြန်မာ့တပ်မတော်က တော့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ်တို့ကိုသာ ထိန်းချုပ်ထားသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ပွဲကြောင့် စစ်ပြေးရှောင်နေကြရသူ သိန်းနှင့်ချီ ရှိလာသလို တရားဥပဒေ စိုးမိုးမှု ကျဆင်းသွားကာ ခိုးဆိုးလုယက်မှုများ ပေါများလာကြောင်း၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ရပ်တန့်သွားကြောင်း၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူ များပြားလာကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မရှိတော့ ကြောင်း စသည့် အခြေအနေများ ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်လွှတ်တော်သို့ ပွင့်လင်းမြင်သာစွာ ချပြပေးရန် တိုက် တွန်းကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြကြသည်။

လက်ရှိ တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ရန် အစိုးရသစ် ကာလတွင် အစိုးရ၏ အုပ်ချုပ်မှုနယ်ပယ် ဘယ်လောက်အထိ ရှိလာနိုင်မလဲ စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်ထဲက စစ်ပွဲအတွင်း နယ်မြေထိန်းချုပ်မှုကို ပြသထားစဉ်

၎င်းက “ရခိုင်‌ဒေသရဲ့ စစ်မြေပြင် အနေအထားပေါ် မူတည်မှာပေါ့။ ရခိုင်မှာလည်း ရှိတယ်။ ကျနော်တို့ ပြည်နယ် အစိုးရအုပ်ချုပ်မယ့် မြို့နယ်ကလည်း သုံးခုပဲရှိတာကို။ ပြည်ထောင်စုဘက်က ဘယ်လိုကဏ္ဍ ခွဲဝေ တည်ဆောက် ပေးမှာလဲ။ လာမယ့်ကာလ အစိုးရသစ်ကာလမှာ တိုင်းပြည် ပြန်လည်ထူထောင်ရေးကဏ္ဍ လုပ်ဖို့အတွက် အစိုးရရဲ့ အုပ်ချုပ်မှုနယ်ပယ် ဘယ်လောက်အထိ ရှိလာနိုင်မှာလဲ။ ဒါစစ်ရေး၊ နိုင်ငံရေး သက်ဆိုင်နိုင်ပါတယ်။ ကြားရတဲ့ သတင်းက တောင်းပိုင်း ၄ မြို့နယ်ဘက်မှာ စစ်ရေးပဋိပက္ခ တော်တော်လေး ကြီးကြီးမားမား ရှိနေတဲ့ပုံ ပေါက်ပါ တယ်။ ဆိုတော့ နိုင်ငံရေး စစ်ရေးနဲ့ ဆက်စပ်နိုင်ပါတယ်။ အဲဒီလိုပဲ လိုအပ်ချက်တစ်ခုက ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်ထိ တစ်ဖက်နိုင်ငံကို ရောက်နေတဲ့ မွတ်စလင် ဘာသာဝင်များရဲ့ ပြည်တော် ပြန်နိုင်ရေး ပေါ့။ အဲဒါနဲ့ပတ်သက်လို့ ဖြစ်လာမယ့် နိုင်ငံရေးစစ်ရေးအပေါ် မူတည်ပြီးမှ ပြည်နယ်အစိုးရတို့၊ ပြည်ထောင်စု အစိုးရတို့က ဘယ်လိုများ ဆောင်ရွက်ကြမှာလဲ ဆိုတာကတော့ အန်ကယ်တို့ကတော့ မေးခွန်းတွေ ကြိုပြင်ထား ရတော့မှာပေါ့။ အခု လောလောဆယ်ကတော့ ၃ မြို့နယ်နဲ့ ပတ်သက်တဲ့ ခုနက လုံခြုံရေး အစီအမံပေါ့။ အဲဒါတွေ ကလည်းပဲ တည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းမှုနဲ့ဆိုင်တာပါ။ အဲတော့ မငြိမ်းချမ်းတဲ့ အခါကြတော့ စစ်တွေရဲ့ အောက် ခြေ step လို့ခေါ်မှာပေါ့။ ကျေးလက်၊ မြို့ပြင် ပတ်ပတ်လည်မှာရှိတဲ့ ရွာတွေအားလုံးကို လိုအပ်သလို ဖြိုဖျက်ပြီးမှ၊ ပြောင်းရွေ့ပြီးမှ၊ ဘုန်းကြီးကျောင်းတွေ ၅၄ ကျောင်း၊ ၅၅ ကျောင်းပေါ်မှာ ဒုက္ခသည်အဖြစ် ကျေးရွာ သူ/ရွာသားတွေက  မှီတင်းနေထိုင်ကြရတာကို။ အဲဒီလိုပဲ ကျောက်ဖြူဘက်မှာလည်း ရှိနိုင်ပါတယ်”ဟု ပြောသည်။

ထို့နောက် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စစ်ရေးအရ ရလဒ်တစ်ခု ထွက်ရန်လိုအပ်ကြောင်း၊ အစိုးရ၏ ပံ့ပိုးမှုများလည်း လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ဆက်ပြောသည်။

၎င်းက “ဒုက္ခခံနေရတဲ့လူတွေ သူရဲ့ မူရင်းရွာ မူရင်းအိုးအိမ်တွေကို ပြန်လည်ထူထောင်နိုင်အောင်က နံပါတ် ၁ က ငြိမ်းချမ်းမှု၊ တစ်နည်းအားဖြင့် စစ်ရေးအရ ရလဒ်တစ်ခုရှိဖို့ လိုတာပေါ့။ အဲဒီလိုလူတွေ ပြန်ပြောင်း ဒေသမှာ အခြေချ ပြန်လည်ထူထောင်နိုင်အောင် အစိုးရဘက်က ပံ့ပိုးမယ့်ဟာတွေ လိုအပ်တာပေါ့။ အဲဒီတော့ အခု လော လောဆယ် ကျနော်တို့ ကြိုးစားနိုင်တာက တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးပါဆိုတဲ့ တိုက်တွန်းမှုပေါ့ဗျာ၊ ဒါလေးတွေ လာနိုင်တယ်၊ မေးခွန်းလေးတွေ လာနိုင်တယ်၊ ငြိမ်းချမ်းမှုနဲ့ပတ်သက်လို့ နှစ်ဖက် တွေ့ဆုံဆွေးနွေးပါ ဆိုတာမျိုး၊ တွေ့ဆုံဆွေးနွေး အဖြေရှာပေးပါဆိုတာမျိုး လွှတ်တော်ဘက်က ထွက်လာနိုင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ဆောင်သည့်အခါမှာ ပထမဦးဆုံး လျှပ်စစ်မီး ရရှိရန် လိုအပ်ကြောင်း၊ စက်ရုံအလုပ်ရုံများ ထူထောင်ပေးရန် လိုအပ်ကြောင်း၊ ဘင်္ဂါလီများနှင့် ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မလဲ အစီ အစဉ်ဆွဲထားရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ် မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေစဉ်

၎င်းက “ပြန်လည်ထူထောင်ရေးက ပထမဦးဆုံး အချက်ကတော့ ရခိုင်မှာ လျှပ်စစ်မီးရဖို့ရယ်၊ နောက်ပြီးတော့ စက်ရုံပေါ့နော် လုပ်ဖို့လိုတယ်။ အထူးသဖြင့် ဒီရခိုင်မှာ အလုပ်အကိုင် ဖန်တီးဖို့ပေါ့နော်။ ဘင်္ဂါလီ တွေလည်းရှိတယ် ဒီလူတွေကိုလည်း လူသားချင်း စာနာထောက်ထားမှုအရ ပစ်ထားလို့မရဘူး။ အဲဒီတော့ အထူး သဖြင့်တော့ ဒီအထည်ချုပ်တွေပေါ့နော်။ အဓိက လုပ်အားအဓိကသုံးတဲ့ အဲဒီအချက်ကတော့ အဓိကပဲ၊ ကျန်တဲ့ အချက်တွေက နောက်မှ စဥ်းစားရတော့မယ်ပေါ့နော်။ အရင်တုန်းက လုံခြုံရေးက ပထမ၊ စစ်ဆင်ရေးသည် ဘယ် နိုင်ငံမှာမဆို ဒါက ပထမလေ။ ဒါမရှိရင် ဘာမှလုပ်လို့ မရဘူး။ အရင်တုန်းက ဒီနယ်မြေတွေ ပြန်တိုက်ဖို့ဆိုရင် ဒါအရင်ပဲ လုပ်ရ မှာပဲလေ။ ကျန်တာက လုပ်လို့မရဘူး။ ရခိုင်က ပြည်မနဲ့လည်း ဝေးတယ်လေ။ ရခိုင်မှာရှိတဲ့ ဆိပ်ကမ်းတွေ ကလည်း ပြည်မကို ကုန်တင်ကုန်ချကလည်း ဘာမှ ကုန်အပို့အယူကလည်း မရှိဘူး အဲဒီတော့ အဓိက စစ်ဆင်ရေး ဖြစ်နေတာ။ အဲဒီတော့ ပုံစံကြည့်ရတာတော့ ရခိုင်ကတော့ ဦးစားပေးမှာ အနိမ့်ဆုံး ဖြစ်နေ တာပေါ့နော်။ အဲဒီတော့ တဖြည်းဖြည်းနဲ့တော့ လာမယ်လို့‌ပဲ ပြောရမယ်ပေါ့နော်။ စစ်ကိစ္စဆိုတော့ အခုလက်ရှိ ရှိနေတဲ့ မြို့နယ် သုံးမြို့နယ် ကိုပဲ ကျောက်ဖြူ၊ စစ်တွေ၊ နောက် မာန်အောင်ကို ပို့ဆောင်ရေး ကောင်းအောင် လုပ် ပေးဖို့က အဓိက ပထမပေါ့ နော်။ အဲဒီတော့ အဓိက လေကြောင်းပေါ့၊ လေကြောင်းပြီးရင် ရေကြောင်းပေါ့နော်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော် ထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့နယ် ၃ မြို့နယ်ကို ထိန်းချုပ်နိုင်ရေး AA က တိုက်ခိုက်လျက်ရှိသည်။

ရခိုင်ပြည်နယ်သည် ၂၀၂၂ ခုနှစ်က စတင်ခဲ့သော တစ်ကျော့ပြန် စစ်ပွဲကြောင့် ပျက်စီး ဆုံးရှုံးနေရသလို ၂၀၂၃ ခုနှစ်၊ မေလက မိုခါမုန်တိုင်းကြောင့် ဒေသတွင်းနေ ပြည်သူလူထုသည် ဘေးဒုက္ခ ၂ ခုကို ရင်ဆိုင် ကျော်ဖြတ်နေကြရ သည်။