CNI International News

ဘန်ကောက်၊ မေလ ၂၀

ထိုင်းဘုရင့်တပ်မတော်သည် ကာကွယ်ရေးကဏ္ဍတွင် လူသားများ ထိန်းချုပ်စရာမလိုဘဲ အလိုအလျောက် လည်ပတ်နိုင်စွမ်းရှိသည့် စစ်ဘက်ဆိုင်ရာစနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စစ်မြေပြင်ကဏ္ဍစုံ ပူးပေါင်း စစ်ဆင်ရေး စွမ်းရည်များကို မြှင့်တင်ရန်အတွက် လာမည့် ဘဏ္ဍာရေးနှစ်၌ ပူးပေါင်းစွမ်းဆောင်ရည်ကွပ်ကဲမှုဌာန (JCC) အသစ်တစ်ခုကို တည်ထောင်ရန် စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူကရစ် ဘွန်တာနွန်ဒါ (Ukris Boontanondha) သည် ၂၀၂၆ ဘဏ္ဍာရေး နှစ်အတွက် စတုတ္ထအကြိမ်မြောက် တပ်မှူးများ အစည်းအဝေးကို မေလ ၁၈ ရက်က ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့် လေတပ်ဌာနချုပ်၌ သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည်။

ထိုအစည်းအဝေးသို့ ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်များနှင့်အတူ အမျိုးသားရဲတပ်ဖွဲ့၏ အကြီးအကဲ လည်း တက်ရောက်ခဲ့ကြသည်။

ထိုအစည်းအဝေး၏ အဓိက အစီအစဉ်မှာ လျင်မြန်စွာ ပြောင်းလဲနေသော လုံခြုံရေးနှင့် နည်းပညာဆိုင်ရာ ပတ်ဝန်းကျင်များကို ရင်ဆိုင် တုံ့ပြန်နိုင်ရန်အတွက် လူသားများ ထိန်းချုပ်စရာမလိုသည့် စစ်ဘက်ဆိုင်ရာ စနစ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် ကိစ္စရပ်အပေါ် အဓိကထား ဆွေးနွေးခဲ့သည်။

 AI စစ်ပွဲ ထိန်းချုပ်မှုကို သရုပ်ပြထားစဉ်

ခေတ်သစ် စစ်ပွဲများတွင် AI နည်းပညာနှင့် အလိုအလျောက် မောင်းနှင်နိုင်သော နည်းပညာများ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာသည်နှင့်အမျှ ထိုင်းဘုရင့်တပ်မတော် ဌာနချုပ်သည် ကြည်း၊ ရေ၊ လေ၊ အာကာသနှင့် ဆိုက်ဘာ ကဏ္ဍအားလုံး ပါဝင်မည့် နယ်ပယ်စုံ စစ်ဆင်ရေးဆိုင်ရာ မျှော်မှန်းချက်ကို ထုတ်ဖော်ပြသခဲ့သည်။

ယခုမဟာဗျူဟာသည် စစ်ဆင်ရေးများ၏ တိကျမှုကို မြှင့်တင်ရန်၊ စစ်သားများ ထိခိုက်ဒဏ်ရာရမှုကို လျှော့ချ ရန်နှင့် စစ်ဆင်ရေးများကို အရှိန်မပျက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။

ဖွဲ့စည်းရန် စီစဉ်ထားသည့် JCC မူဘောင်အောက်တွင် အလိုအလျောက် မောင်းနှင်မှုစနစ်များနှင့် လေကြောင်းရန် ကာကွယ်ရေး ပူးတွဲတပ်ဖွဲ့တစ်ခုကို စတင် တည်ထောင်ထားပြီးဖြစ်ကြောင်း စစ်ဘက်တာဝန်ရှိသူများက ပြော ကြားခဲ့သည်။

ထို့ပြင် ယခုအစီအစဉ်သည် ကာကွယ်ရေး နည်းပညာကဏ္ဍတွင် ရေရှည်၌ မိမိကိုယ်ကိုယ် အားကိုးနိုင်စွမ်း ရရှိ စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်း ကာကွယ်ရေး လုပ်ငန်းရှင်များ၊ ချူလာလောင်ကွန်းတက္ကသိုလ် (Chulalongkorn University)၊ မဟီဒေါလ်တက္ကသိုလ် (Mahidol University) နှင့် ချင်းမိုင်တက္ကသိုလ် (Chiang Mai University) တို့ကဲ့သို့သော ထိပ်တန်းပညာရေး အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရန် မျှော်မှန်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Source: ဘန်ကောက်ပို့စ်