ဘန်ကောက်၊ ဇွန်လ ၁

ထိုင်းနိုင်ငံ၏ ချင်းမိုင် (Chiang Mai) မြို့ကို ၂၀၂၆ ခုနှစ်အတွက် နိုင်ငံပေါင်းစုံ လှည့်လည်သွားလာနေသည့် ဒစ်ဂျစ်တယ် နည်းပညာဖြင့် အလုပ်လုပ်ကိုင်သူများနှင့် အကြောင်းအရာဖန်တီးသူ (content creator)များ အတွက် ကမ္ဘာ့ထိပ်တန်း ခရီးစဉ်ဒေသ ၈ ခုအနက် တစ်ခုအဖြစ် Forbes မဂ္ဂဇင်းက သတ်မှတ်ဖော်ပြခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ချင်းမိုင်မြို့သည် မက်ဒလင်း (Medellín)၊ ကိပ်တောင်း (Cape Town)၊ လစ်စဘွန်း (Lisbon)၊ ဘာလီ (Bali)၊ မက္ကဆီကိုစီးတီး (Mexico City)၊ တိုကျို (Tokyo) နှင့် ဘာလင် (Berlin) တို့ ပါဝင်သည့် ကမ္ဘာ့ထိပ်တန်း ခရီးစဉ် ဒေသများ စာရင်းတွင် ပူးပေါင်းပါဝင်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပါဝင်လာမှုသည် ဉာဏအရင်းအနှီးနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို ဗဟိုပြုထားသည့် ချင်းမိုင်မြို့၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အောင်မြင်မှုကို ပေါ်လွင်စေသည်။

နေရာ အခြေတကျ မရှိဘဲ လှည့်လည် သွားလာနေကြသည့် ဒစ်ဂျစ်တယ် နည်းပညာဖြင့် အလုပ်လုပ်ကိုင်သူများ သည် ခိုင်မာသော စီးပွားရေး ဂေဟစနစ်၊ ကွန်ရက်ချိတ်ဆက်မှု အခွင့်အလမ်းများနှင့် ဝင်ငွေ ရှာဖွေနိုင်စွမ်း အလား အလာများကို ပိုမိုပံ့ပိုးပေးနိုင်သည့် နေရာဒေသများကို ပိုမို အလေးထားလာကြပြီး ဒစ်ဂျစ်တယ် စွန့်ဦးတီထွင်သူ များအဖြစ်သို့ ပြောင်းလဲတိုးတက်လာကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ချင်းမိုင်မြို့ တစ်နေရာမှာ အမျိုးသားတစ်ဦးကို တွေ့ရစဉ်

ချင်းမိုင်မြို့သည် ခေတ်မီဆန်းသစ်သော လုပ်ငန်းခွင် နေရာများ၊ သက်ဝင်လှုပ်ရှားနေသော ကော်ဖီဆိုင် ယဉ်ကျေး မှုနှင့် ပြည့်စုံကောင်းမွန်သော အခြေခံ အဆောက်အအုံများကြောင့် ထူးခြားထင်ရှားနေပြီး၊ မည်သည့် နေရာတွင် မဆို လွတ်လပ်စွာ လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းများကို လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်သည်။

ယခုကဲ့သို့ အဆင့် သတ်မှတ်ခံရခြင်းသည် ချင်းမိုင်မြို့ကို MICE မြို့တော်ဖြစ်လာစေရန် ရည်မှန်းချက်နှင့် ကိုက်ညီ နေသည်။

MICE ဆိုသည်မှာ အစည်းအဝေးများ (Meetings) ၊ မက်လုံးပေး လှုံ့ဆော်မှုများ (Incentives) ၊ ညီလာခံများ (Conferences) နှင့် ပြပွဲများ (Exhibitions) ဆိုသည့် စကားလုံးများ၏ ရှေ့စာလုံးများကို အတိုကောက် ခေါ်ဆိုခြင်း ဖြစ်သည်။

မဟာဗျူဟာမြောက် အနေဖြင့် MICE လုပ်ငန်းကဏ္ဍသည် ချဉ်းကပ်မှု ၃ ခုမှတဆင့် အလားအလာ မြင့်မားသော ကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်ရန်နှင့် ပံ့ပိုးကူညီရန်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာလိမ့် မည်ဟု မျှော်လင့်ရသည်။

ချင်းမိုင်မြို့ တစ်နေရာကို တွေ့ရစဉ်

အဆိုပါ ချဉ်းကပ်မှု ၃ ခုမှာ ၁ -  နည်းပညာနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းကဏ္ဍများတွင် နိုင်ငံတကာ ညီလာခံများနှင့် စီးပွားရေးကွန်ရက် ချိတ်ဆက်မှုများအတွက် ဗဟိုချက်အဖြစ် ချင်းမိုင်မြို့၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေခြင်း၊ ၂ - Lanna ရိုးရာယဉ်ကျေးမှု အမွေအနှစ်၊ အာဏာအပျော့ (Soft Power) နှင့် လက်မှုပညာရပ်များကို ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများနှင့် ပေါင်းစပ်ပြီး စီးပွားရေးကို မြှင့်တင်ခြင်း၊ ၃ - ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ဆွဲဆောင်နိုင်မည့် ကမ္ဘာလုံးဆိုင်ရာ အသင်းအဖွဲ့များ၏ ဗဟိုချက်တစ်ခုအဖြစ် မြို့တော်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။

Forbes မဂ္ဂဇင်း၏ ယခုကဲ့သို့ အသိအမှတ်ပြုမှုသည် ချင်းမိုင်မြို့အတွက် နောက်ထပ် မှတ်တိုင်သစ် တစ်ခုဖြစ်ပြီး၊ တက်ကြွလှုပ်ရှားနေသော မြို့ပြတစ်ခုအဖြစ် ၎င်း၏ ဂုဏ်သတင်းကို ပိုမိုခိုင်မာစေကြောင်း လေ့လာစောင့်ကြည့် သူများက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်