CNI International News

ဘန်ကောက်၊ မေလ ၂၀

နိုင်ငံပေါင်း ၉၀ ကျော်အတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် ပေးထားသည့် အစီအစဉ်ကို ဖျက်သိမ်းရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး သူရဆက် ဖန်ချာရွန်ဝိုရာကူလ် (Surasak Phancharoenworakul)က မေလ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ဗီဇာ သဘောတူညီချက် တစ်ခုထက်မကရှိသော နိုင်ငံများအတွက်လည်း ယခုဖျက်သိမ်းမှုတွင် အကျုံးဝင်မည် ဖြစ်ပြီး ယခင်သတ်မှတ်ချက် စံနှုန်းများကိုသာ ပြန်လည်ကျင့်သုံးသွားမည်ဟု ဆိုသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာဌာန အသီးသီးသို့ အကြောင်းကြား အသိပေး သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၆၀ ရက် ဗီဇာကင်းလွတ်ခွင့် အစီအစဉ် ဖျက်သိမ်းခံရသည့် နိုင်ငံအားလုံးသည် ယခင်ကျင့်သုံးခဲ့သော ဗီဇာ အမျိုးအစားများအတိုင်း ပြန်လည် ပြောင်းလဲသွားမည်ဖြစ်ပြီး၊ ထိုနိုင်ငံအများစုမှာ ရက်ပေါင်း ၃၀ ဗီဇာ ကင်းလွတ် ခွင့် အစီအစဉ် ဖြစ်သည်။

 ခရီးသွား ပတ်စပို့စ်ကိုင်ထားသူကို တွေ့ရစဉ်

နောက်ပိုင်းတွင် တင်ပြလာမည့် ပြင်ဆင်ထားသော စံနှုန်းများနှင့် စည်းကမ်း သတ်မှတ်ချက်များကို နိုင်ငံတစ် နိုင်ငံချင်းစီအလိုက် အသေးစိတ် ပြန်လည်သုံးသပ်ရန် ဗီဇာမူဝါဒရေးရာကော်မတီသို့ လွှဲအပ်တာဝန် ပေးသွားမည် ဖြစ်ပြီး၊ နိုင်ငံတစ်နိုင်ငံချင်းစီအတွက် မည်သည့် ဗီဇာအမျိုးအစားက သင့်လျော်သည်ကို စစ်ဆေး အကဲဖြတ်သွား မည် ဖြစ်သည်။

ထိုသို့ ပြန်လည်သုံးသပ်ရာတွင် လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ ကဏ္ဍနှစ်ရပ်စလုံးကို မျှတသောအမြင်ဖြင့် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

“ကျနော်တို့အနေနဲ့ ကမ္ဘာလှည့်ခရီးသည် အရေအတွက် တစ်ခုတည်းကိုပဲ အဓိကထားမှာ မဟုတ်ပါဘူး။ ဝင်ရောက်ရ လွယ်ကူပြီး အရေအတွက် များပြားဖို့တင် မဟုတ်ဘဲ အရည်အသွေးမီတဲ့ ခရီးသွားတွေ ဖြစ်စေဖို့ကိုပဲ အလေးပေးသွားမှာပါ။ ဝန်ကြီးချုပ်ကလည်း လုံခြုံရေးကို ပိုမိုခိုင်မာစေဖို့နဲ့ ခရီးသွားလုပ်ငန်းစနစ် တစ်ခုလုံးကို မြှင့်တင်နိုင်ဖို့အတွက် ဗီဇာထုတ်ပေးတဲ့ကိစ္စကို သေချာဂရုတစိုက် စဉ်းစားသုံးသပ်ဖို့ ညွှန်ကြားထားပါတယ်” ဟု သူရဆက်က ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရသည် ရက် ၃၀ ကြာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ် ရရှိနိုင်သည့် နိုင်ငံအရေအတွက်ကို ၅၇ နိုင်ငံမှ ၅၄ နိုင်ငံသို လျှော့ချခဲ့ပြီး၊ ထိုအစီအစဉ်သည် ကမ္ဘာလှည့် ခရီးသွားများအတွက်သာ ဖြစ်ကြောင်း ကောင်စစ်ဝန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မုန်ကွန်း ပရာတွမ်ကေအို (Mungkorn Pratoomkaew) က  ပြောကြားခဲ့သည်။

အစိုးရအဖွဲ့သည် နိုင်ငံများနှင့် နယ်မြေ ၃ ခုမှ ကမ္ဘာလှည့် ခရီးသွားများအတွက် ၁၅ ရက်ကြာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ် အသစ်တစ်ခုကိုလည်း ကြေညာခဲ့ပြီး ဆိုက်ရောက်ဗီဇာ အစီအစဉ်ဖြင့် ခွင့်ပြုထားသည့် နိုင်ငံများနှင့် နယ်မြေ အရေအတွက် ၃၁ ခုမှ ၄ ခုအထိ လျှော့ချခဲ့ကြောင်း မုန်ကွန်းက ပြောကြားခဲ့သည်။

Source: The Nation