CNI International News
ဘန်ကောက်၊ မေလ ၉
ထိုင်းလေဆိပ်အာဏာပိုင်အဖွဲ့ (AOT) သည် လေဆိပ် ၆ ခုတွင် နိုင်ငံတကာခရီးသည် ဝန်ဆောင်ခကို ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ ၇၃၀ ဘတ်မှ ၁,၁၂၀ ဘတ်အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ တိုးမြှင့်လိုက်သော ဝန်ဆောင်ခကို သုဝဏ္ဏဘူမိ (Suvarnabhumi)၊ ဒွန်မောင်း (Don Mueang) ၊ ချင်းမိုင် (Chiang Mai) ၊ ချင်းရိုင် (Chiang Rai) ၊ ဖူးခက် (Phuket) နှင့် ဟတ်ယိုင် (Hat Yai) လေဆိပ်များမှတဆင့် ခရီးသွားလာမည့် နိုင်ငံတကာ ခရီးသည်များအတွက်သာ ကောက်ခံသွားမည်ဖြစ်သည်။

ထိုင်းလေဆိပ်ကို တွေ့ရစဉ်
ရရှိလာသည့် ဝင်ငွေများကို ခရီးသည် နားနေဆောင်များ တိုးချဲ့ခြင်း၊ အလိုအလျောက် ခရီးသည် ဝန်ဆောင်မှုစနစ် တပ်ဆင်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ နည်းပညာများ မြှင့်တင်ခြင်း အပါအဝင် လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း AOT ဥက္ကဋ္ဌ ပဝီနာ ဂျရိယသီတီဖွန် (Paweena Jariyathitipong) က ပြောကြားခဲ့သည်။
ခရီးသည်များအနေဖြင့် ဘတ် ၁၆၀၀ ခန့် ပေးဆောင်နေရသည့် စင်္ကာပူနိုင်ငံနှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံ၏ ပြင်ဆင် သတ်မှတ်လိုက်သော ဝန်ဆောင်ခမှာ နည်းပါးနေဆဲဖြစ်သဖြင့် ယခုကဲ့သို့ ဝန်ဆောင်ခနှုန်းထား တိုးမြှင့်ခြင်းသည် ခရီးသွားလာမှုအပေါ် သက်ရောက်မှု မရှိနိုင်ကြာင်း ပဝီနာက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
