CNI International News
ဒါကာ၊ မေလ ၁၁
အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုန်ကျစရိတ်များကို မြင့်တက်စေပြီး ဝင်ငွေများ ဆုံးရှုံးစေခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေအပေါ် ဖိအား ဖြစ်လာနိုင်ဖွယ်ရှိပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေပါက အစိုးရအနေဖြင့် ဧပြီလမှ ဇွန်လ အထိ ၃ လတာကာလ အတွင်းမှာပင် သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့ကြေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇ ဘီလျံခန့် သုံးစွဲရဖွယ်ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏အိမ်နီးချင်း အိန္ဒိယနိုင်ငံထံမှ စွမ်းအင် အကူအညီများ တောင်းခံထားပြီး ရုရှား အပါအဝင် လောင်စာဆီ ရရှိနိုင်မည့် လမ်းကြောင်းများကို ရှာဖွေထားသည့် အိန္ဒိယဘက်ကလည်း ကူညီပေး မည်ဟု ပြန်လည် တုံ့ပြန်ထားသည်။
လက်ရှိတွင် လူဦးရေ သန်း ၁၇၀ ကျော်ရှိသော ဘင်္ဂလားဒေ့ရှ် စီးပွားရေးတိုးတက်မှု နှေးကွေးသွားနိုင်ကြောင်း ငွေကြေးများ ထုတ်ချေးပေးသည့် အဖွဲ့အစည်းများက သတိပေးထားသည်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကလည်း အကျပ်အတည်းကို စီမံခန့်ခွဲရန်အတွက် ခြွေတာရေး အစီအစဉ်များကို ချမှတ်ဆောင်ရွက်နေရပြီ ဖြစ်သည်။

အထည်ချုပ်စက်ရုံ တစ်ခုကို တွေ့ရစဉ်
ဓာတ်ငွေ့နှင့် ဒီဇယ် ပြတ်လပ်မှုများကြောင့် စက်မှုဇုန်များတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
အစိုးရသည် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ဓာတ်ငွေ့များ ပိုမို ပေးပို့နိုင်ရန် မြေသြဇာစက်ရုံများအား ပိတ်ထားခြင်း၊ ဈေးဝယ်စင်တာများ၏ ဖွင့်လှစ်ချိန်ကို ကန့်သတ်ခြင်းနှင့် လောင်စာဆီ ခွဲတမ်းစနစ်ဖြင့် ရောင်းချ ခြင်းတို့ကို စတင် လုပ်ဆောင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက လောင်စာဆီဖြန့်ဖြူးမှု မြှင့်တင်ပေးခဲ့ပြီးနောက် မကြာသေးမီ ရက်ပိုင်းအတွင်း ဆီဆိုင်များ ၌ တန်းစီစောင့်ဆိုင်းရမှုများ လျော့နည်းသွားသဖြင့် အခြေအနေမှာ အနည်းငယ် သက်သာရာ ရလာသော်လည်း ကဏ္ဍအသီးသီးတွင် စိုးရိမ်ပူပန်မှုများကတော့ ဆက်ရှိနေဆဲဖြစ်သည်။
အာရှတစ်လွှားရှိ အစိုးရများသည်လည်း အလားတူ ဖိအားများနှင့် ရင်ဆိုင်နေကြရပြီး စစ်ပွဲကြောင့် စွမ်းအင် ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာမှုသည် လောင်စာဆီနှင့် ဓာတ်ငွေ့အပေါ် မှီခိုနေရသော စီးပွားရေး စနစ်များကို လှုပ်ခတ်စေလျက်ရှိသည်။
အာရှတိုက်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသည့် ဟော်မုဇ် ရေလက် ကြားမှတဆင့် တင်သွင်းနေရသော လောင်စာဆီများအပေါ် မှီခိုနေရသဖြင့် ထိုရေလက်ကြား ပိတ်ဆို့မှု၏ ရိုက်ခတ်မှုကို တိုက်ရိုက် ခံစားနေရသည်။
Source: အေပီ
