CNI International News
ဒါကာ၊ ဧပြီ ၇
အီရန်စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ် အထည်ချုပ် လုပ်ငန်းများ ကုန်ကျစရိတ် မြင့်တက်လာနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အဆိုပါ စစ်ပွဲကြောင့် အဓိကကျသည့် ဓာတုချည်မျှင်များနှင့် ဓာတုပစ္စည်း ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းနှင့် အထည်ထုပ်ပိုးရာတွင် အသုံးပြုသည့် Polybag အိတ်ဈေးနှုန်းများက ၃ ဆအထိ မြင့်တက်သွားခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းရှင်များမှာ အခက်တွေ့နေကြ သည်။
လက်ရှိ အော်ဒါများအတွက် ဝယ်ယူသူများဘက်မှ ဈေးပိုပေးရန် ငြင်းဆန်နေကြသဖြင့် လုပ်ငန်းအမြတ်ငွေ ရရှိမှုအပေါ် ဖိအားများ သက်ရောက်လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းသည် အမြတ်ငွေ ၄ ရာခိုင်နှုန်း အောက်တွင် လည်ပတ်နေရခြင်းဖြစ်ပြီး ယခု အခါ၌ အော်ဒါအဟောင်းများအတွက် ဝယ်ယူသူများဘက်မှ ဈေးနှုန်း တိုးမပေးခြင်းကြောင့် ကုန်ကြမ်း ဈေးတက် သည့်ဒဏ်ကို စက်ရုံပိုင်ရှင်များကသာ အရှုံးခံပြီး လည်ပတ်နေရခြင်းဖြစ်သည်။
ထို့ပြင် အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်သည့် အချိန်မျိုးတွင် ဥရောပနှင့် အမေရိကန်မှ ဝယ်ယူ သူများက အော်ဒါများကို လျှော့ချလာခြင်း သို့မဟုတ် နီးစပ်ရာ နိုင်ငံများတွင်သာ အော်ဒါမှာယူခြင်းမျိုး လုပ်လာ ခဲ့ကြသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းကို တွေ့ရစဉ်
တစ်ချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စွမ်းအင်အတွက် အရှေ့အလယ်ပိုင်းကို မှီခိုနေရသဖြင့် စစ်ပွဲကြောင့် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် စက်ရုံများတွင် လျှပ်စစ်မီး မှန်မှန်မရဘဲ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ရပ်တန့်ရမည့် အခြေအနေ မျိုးအထိ သက်ရောက်မှု ရှိနေသည်။
၂၀၂၆ ခုနှစ်၊ မတ်လတွင် ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ် ပို့ကုန်သည် ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၉ ဒသမ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။
အထူးသဖြင့် ဥရောပဈေးကွက်သို့ တင်ပို့မှုမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာပင် ၂၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟု နောက်ဆုံးရ သတင်းများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်က ပို့ကုန်ဝင်ငွေ ဒေါ်လာ ၄၈ ဘီလျံကျော် ရရှိခဲ့ပြီး နိုင်ငံ့ပို့ကုန်ဝင်ငွေ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကျော်ကို ရှာဖွေပေးနေသည့် ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ကဏ္ဍသည် အလုပ်သမားပေါင်း ၄ သန်းခန့်ကို အလုပ် အကိုင် ပေးထားသည်။
Source: Nikkei Asia
