CNI International News

ဘန်ကောက်၊ ဧပြီ ၇

ပြည်ပခရီးသွားများ အနေဖြင့် ထိုင်းနိုင်ငံသို့ မဝင်ရောက်မီ မတော်တဆထိခိုက်မှု အာမခံ (Accident Insurance) မဖြစ်မနေ ဝယ်ယူထားရှိရန် လိုအပ်မည့် စည်းမျဉ်းသစ်များ ချမှတ်နိုင်ရန် ထိုင်းအစိုးရက တွန်းအားပေး လုပ် ဆောင်နေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ခရီးသွားများ ဆေးကုသစရိတ် မပေးဆောင်နိုင်မှုနှင့် မတော်တဆမှု အန္တရာယ်များ မြင့်တက်လာခြင်းကြောင့် ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခြင်းကို ဖြေရှင်းရန် ယခုကဲ့သို့ စီစဉ်လာခဲ့ခြင်းဖြစ်သည်။

“အာမခံမရှိတဲ့ ပြည်ပနိုင်ငံသား လူနာတွေရဲ့ ဆေးကုသစရိတ်အတွက် ကျနော်တို့ ဆေးရုံက တစ်နှစ်ကို ဘတ် ၁၀ သန်းလောက် အရှုံးခံ စိုက်ထုတ်ပေးနေရပါတယ်”ဟု Vachira Phuket ဆေးရုံ၏ ညွှန်ကြားရေးမှူးက ပြောကြား ခဲ့သည်။

ဆိုင်ကယ်စီး ကျွမ်းကျင်မှု မရှိခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကြောင့် မတော်တဆမှုများ ဖြစ်ပွားရ ခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

“ဖူးခက်ကို လာလည်တဲ့ ခရီးသွား အများစုဟာ ဆိုင်ကယ်ကို ပထမဆုံးအကြိမ် စပြီး စီးကြည့်ကြတာဖြစ်လို့ မတော်တဆ ဖြစ်ပွားနိုင်ခြေ အန္တရာယ် ပိုများနေပါတယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံခြားသား လူနာများထံမှ ဆေးကုသစရိတ် မရဘဲ ကျန်ရှိနေသည့် ပမာဏမှာ တစ်နှစ်လျှင် အနည်းဆုံး ဘတ် သန်း ၁၀၀ ခန့်ရှိမည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

ထိုင်းလေဆိပ်မှာ ခရီးသွားများကို တွေ့ရစဉ် 

အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်သည့် ဖူးခက် (Phuket) နှင့် ချင်းမိုင် (Chiang Mai) ကဲ့သို့သော မြို့ကြီးများတွင် အဆိုးရွားဆုံး သက်ရောက်မှု ရှိနေသည်ဟု ဆိုသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျင့်ဝတ်များအရ အရေးပေါ် ကုသမှုများကို အချိန်ရွှေ့ဆိုင်းထား၍ မရ သောကြောင့် ဆေးရုံများ အနေဖြင့် လူနာတွင် ငွေပေးချေနိုင်သည်ဖြစ်စေ၊ မပေးချေနိုင်သည်ဖြစ်စေ ကုသပေးရ လေ့ ရှိသည်။

ထို့ကြောင့် ဆေးရုံများနှင့် ကျန်းမာရေးဌာနများမှာ ထိုကုန်ကျစရိတ်များကို စိုက်ထုတ်ပြီး ကုသပေးနေရသည်။

ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သီတင်းပတ်နှစ်ပတ်ကြာ နေထိုင်မည့် ခရီးစဉ်အတွက် ခရီးသွား အာမခံကြေးမှာ ဘတ် ၁,၁၀၀ ခန့်သာ ကျသင့်ပြီး ထိုအာမခံတွင် ဆေးကုသမှုအတွက် ဘတ် ၃ ဒသမ ၆ သန်းမှ ၉ သန်း အထိ အာမခံငွေ ပေးထားလေ့ရှိသည်။

သို့သော် အာမခံကြေးမှာ သက်သာသော်လည်း ခရီးသွား အများစုမှာ အာမခံမရှိဘဲ လာရောက်နေကြဆဲ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Source: ဘန်ကောက်ပို့စ်