CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၁၅

ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရမှုများ ဖြစ်ပွားနေပြီး လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေများ ကြောင့် တရုတ်ခရီးသွားအဖွဲ့များသည် ထိုင်းခရီးစဉ်များကို ဖျက်သိမ်းနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။

ပုံမှန်အားဖြင့် တရုတ်နှစ်သစ်ကူး အားလပ်ရက် ကာလတွင် တရုတ်ခရီးသွားအဖွဲ့များသည် ထိုင်းကို လာရောက် လေ့ရှိသော်လည်း ယခုနှစ်တွင် ဟိုတယ်ဘွတ်ကင်(ဘိုကင်) တင်မှုများနှင့် လေယာဉ်လက်မှတ် ဝယ်ယူမှု အများအပြားကို ပြန်လည်ဖျက်သိမ်းနေကြသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဟောင်ကောင် အဆိုတော်နှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည့် အာဆန်ချန်း (Eason Chan) သည် ထိုင်းနိုင်ငံတွင် ဖျော်ဖြေရန် စီစဉ်ထားသည့် ရှိုးပွဲကို ဖျက်သိမ်းခဲ့သည်။

အာဆန်ချန်းက ၎င်း၏ရှိုးပွဲကိုကြည့်ရန် ထိုင်းသို့ တရုတ်နိုင်ငံသားများ လာရောက်မည်ဆိုပါက ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း ပြောကြားခဲ့ကာ ရှိုးပွဲကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

မကြာသေးမီကလည်း တရုတ်နိုင်ငံသားများသည် လူကုန်ကူးခံခဲ့ရသည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်များက ယခုသီတင်းပတ် အစောပိုင်းအတွင်း ထိုင်းသို့ အထူးတာဝန်အဖွဲ့အဖြစ် လုံခြုံရေး ဗျူရို(SB) ကို စေလွှတ်ထားသည်။

ထိုင်း-မြန်မာနယ်စပ်မှာ လူကုန်ကူးခံရတဲ့ တရုတ်အနုပညာရှင်ကို တွေ့ရစဉ်

ထိုင်းတွင် တရုတ်နိုင်ငံသားများ ပြန်ပေးဆွဲ ခံရခြင်း မရှိသော်လည်း လူမှောင်ခို ကူးသူများသည် တရုတ်နိုင်ငံသား များကို ထိုင်းနယ်စပ်မှဖြတ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်ခဲ့ကြကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားရေးရာဌာနမှ အမြဲတမ်းအတွင်းဝန် နတ်သရီယာ သာဝီဗွန် (Natthriya Thaweevong) က ပြောကြား ခဲ့သည်။

ဟောင်ကောင် ဒေသခံများအနေဖြင့် အလွန်များပြားသည့် လစာငွေဖြင့် ကမ်းလှမ်းပြီး အလုပ်ခေါ်မည်ဆိုပါက သတိထားကြရန်နှင့် ထိုအလုပ် ခေါ်ယူမှုများသည် အလိမ်အညာများ ဖြစ်နိုင်ကြောင်း ဟောင်ကောင် အာဏာပိုင် များက သတိပေးထားသည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့သည် ခရီးသွားများအတွက် ဘေးကင်းလုံခြုံရေး အစီအမံများကို မြှင့်တင် ထားပြီး ၂၄ နာရီ အကူအညီပေးနေကြောင်း ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ဟောင်ကောင် အာဏာပိုင် များကို စိတ်ချစေရန် ပြောကြားထားသည်ဟု နတ်သရီယာက ပြောကြားခဲ့သည်။

လက်ရှိတွင် ထိုင်းဟိုတယ်များအသင်း (THA) ၏ မားကက်တင်းဥက္ကဋ္ဌ ပရာချွမ် တန်တီပရာဆတ်ဆွတ် (Prachoom Tantiprasertsuk) ကမူ ယခင်က တရုတ်ခရီးသွားအဖွဲ့များအကြား တည်းခိုလေ့ရှိသည့် ဟိုတယ်များတွင် အခန်းဘွတ်ကင် တင်ထားမှုများကို ခရီးသွားများဘက်မှ ဖျက်သိမ်းမှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်