CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံ၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ တာ့ခ် (Tak) ပြည်နယ်အတွင်းသို့ ဇန်နဝါရီ ၃၀ ရက်က တရားမဝင် ခိုးဝင်ခဲ့ သည့် တရုတ်နိုင်ငံသား ၅ ဦး ဖမ်ဆီးခံခဲ့ရကြောင်း The Nation မှ ဖော်ပြခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် သောင်ရင်းမြစ် (Moei River)ကို ဖြတ်သန်းပြီး ဒေသစံတော်ချိန် ည ၈ နာရီခွဲ တွင် မဲဆောက် (Mae Sot)သို့ ဝင်ရောက်လာချိန်၌ ရတ်ချမနူ လုံခြုံရေးတပ်ဖွဲ့ (Ratchamanu Taskforce) မှ နယ်စပ်ကင်းအဖွဲ့က ၎င်းတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုတရုတ်အမျိုးသား ၅ ဦးမှာ ဟောင်ဝမ်(Huang We- ၂၉ နှစ် ) ၊ ဆွန်ဟောင်(Song Hong-၂၂ နှစ်) ၊ လီကျဲ (Li Jie-၂၁ နှစ်) လီဟောင် (Li Hong-၂၈ နှစ်)နှင့် ယန်ရှင်း (Yang Xoing- ၃၄ နှစ်) တို့ဖြစ်ပြီး ပတ်စ်ပို့များ ကိုင်ဆောင်ထားခြင်း မရှိပေ။
ထိုတရုတ်နိုင်ငံသားများသည် မြ၀တီတွင် အလုပ်လုပ်ခဲ့သူများဖြစ်ပြီး တရုတ်နိုင်ငံကို ပြန်ချင်ကြောင်း စကားပြန်မှ တဆင့် ထိုင်းအာဏာပိုင်များကို ပြောကြားခဲ့သည်။
ထိုတရုတ်နိုင်ငံသားများကို စစ်ဆေးမေးမြန်းရန်အတွက် တရုတ်သံရုံး ဝန်ထမ်းများရှိနေသည့် တာ့ခ်ပြည်နယ် လူဝင်မှုရေးရာရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
မြဝတီမြို့သည် တရုတ်နိုင်ငံသားများ ဖွင့်ထားသည့် ကာစီနိုရုံများနှင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများ အများအပြား ရှိသည့် မြို့ဖြစ်ပြီး တရုတ်နှင့်အိမ်နီးချင်း နိုင်ငံများထံမှ ပြည်သူများကို မှောင်ခိုကူးကာ အတင်းအဓမ္မ အလုပ် စေခိုင်းသည့် မြို့အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ဇန်နဝါရီလ အစောပိုင်းကလည်း တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) သည် ထိုင်းနိုင်ငံမှတဆင့် မြဝတီသို့ မှောင်ခိုကူးခံခဲ့ရပြီး ကျားဖြန့်ခြံဝင်းတစ်ခုတွင် ထိန်းသိမ်းခံခဲ့ရသည်။ သို့သော် ရက်ပိုင်းအတွင်း ပြန်လည်ကယ်တင် နိုင်ခဲ့သည်။
၎င်း၏ ဖြစ်စဉ်သည် အလွန်လူသိများသွားခဲ့ပြီး မြန်မာနယ်စပ်ရှိ ကျားဖြန့်စင်တာများတွင် ဖမ်းဆီးခံထားရသည်ဟု .ယူဆရသည့် တရုတ်နိုင်ငံသား ၁၅၀၀ ကို ကယ်တင်ပေးရန် တရုတ်ပြည်တွင်း၌ အွန်လိုင်းမှ အသနားခံစာများ လျှောက်ထားခဲ့ကြသည်။
တရုတ်ခရီးသွားများသည် ထိုင်းခရီးစဉ်များကို ဖျက်သိမ်းမှုများ ရှိနေသဖြင့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် တရုတ်ခရီးသွားများကို ထိုင်းသို့ လာရောက်ကြရန်နှင့် ဘေးကင်း လုံခြုံမှုရှိကြောင်း မန်ဒရင်းဘာသာစကားဖြင့် ပြောကြားထားသည့် AI နှင့်ဖန်တီးထားသော ဗွီဒီယိုတစ်ခုကို လူမှုမီဒီယာတွင် တင်ခဲ့သည်။
Source: The Nation