CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၂၄
ထိုင်းနိုင်ငံ၏ အခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်အဖြစ် စွပ်စွဲခံထားရသည့် တရုတ် နိုင်ငံဖွား အမျိုးသားတစ်ဦးအား တရုတ်သို့ လွှဲပြောင်းအပ်နှံရေးတွင် ဥပဒေအရ အတားအဆီး မဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ရှီကျီကျန်း (She Zhijiang) အမည်ရှိ အရှေ့တောင်အာရှ၏ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်အဖြစ် စွပ်စွဲခံထားရသည့် အမျိုးသားကို တရုတ်က ဖမ်းဆီး အရေးယူနိုင်ရန် ပိုမိုနီးစပ်လာခဲ့သည်။
ထိုင်း၏ အခြေခံဥပဒေဆိုင်ရာတရားရုံးက ၂၀၀၈ ခုနှစ် တရားခံ လွှဲပြောင်းအပ်နှံရေးဆိုင်ရာ အက်ဥပဒေတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များ၊ အထူးသဖြင့် ပုဒ်မ ၁၉ (၂-၃) နှင့် ပုဒ်မ ၂၁ (၂-၃) တို့သည် အခြေခံဥပဒေအား ဆန့်ကျင်ခြင်းမရှိကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
တရုတ်နိုင်ငံက ဖမ်းဆီးရန် အလိုရှိနေသည့် ရှီသည် ၎င်း၏ စွဲချက်နှင့်ပတ်သက်ပြီး အယူခံဝင်ခဲ့ပြီးနောက် ထိုင်းတရားရုံး၏ စီရင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ KK Park က ကျားဖြန့်ဂိုဏ်းကို တပ်က စီးနင်းခဲ့စဉ်
ရှီသည် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလောင်းကစား ကွန်ရက်များနှင့် ကာစီနို လုပ်ငန်းများတွင် ပါဝင် ပတ်သက်ခဲ့ပြီး ယွမ် သန်း ၁၅၀ ကျော် ထိခိုက်နစ်နာစေခဲ့ကြောင်း စွပ်စွဲထား၍ တရုတ်အစိုးရက ၎င်းအား ဖမ်းဆီးရန် အလိုရှိနေခြင်းဖြစ်သည်။
တရုတ်အစိုးရ၏ တောင်းဆိုမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ထိုင်းရဲတပ်ဖွဲ့က ရှီကို ဘန်ကောက်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်း၏ အခြေခံဥပဒေအရ တရားရုံးသည် ရှီအား တရုတ်သို့ လွှဲပြောင်း အပ်နှံရေးနှင့်ပတ်သက်ပြီး နှောင့်နှေးကြန့်ကြာစေခဲ့သည့် တရားရေးဆိုင်ရာ အတားအဆီးများကို ထိရောက်စွာ ပယ်ချနိုင်ခဲ့သည်။
ထို့ကြောင့် ရှီအား တရုတ်သို့ လွှဲပြောင်းအပ်နှံရေး လုပ်ငန်းစဉ်ကို ဥပဒေအရ ဆက်လက် လုပ်ဆောင် နိုင်တော့ မည်ဖြစ်သည်။
ရှီသည် ထိုင်းမှ တရုတ်သို့ လွှဲပြောင်းအပ်နှံခြင်း မခံရမီ အချိန်အထိ ထိုင်းတွင် ဆက်လက် ထိန်းသိမ်းခံထားရမည် ဖြစ်သည်။
Source: Nikkei Asia
