CNI International News
ဘန်ကောက်၊ ဧပြီ ၂၅
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူ (Anutin Charnvirakul) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့သည် လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းမည့် ပူးတွဲလုပ်ဆောင်မှု အစီအစဉ်မှတဆင့် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း The Nation မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်ဖြင့် ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် အစိုးရအိမ်တော်၌ ဝန်ကြီးချုပ် အနူတင်အား လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုတွေ့ဆုံမှုတွင် အနူတင်က ဝမ်ယိ ကြိုက်နှစ်သက်သည့် ဒူးရင်းသီး၊ ကောက်ညှင်း ကျည်တောက်တို့ဖြင့် ခင်မင် ရင်းနှီးစွာ တည်ခင်းဧည့်ခံခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေ့ဆုံပွဲအတွင်း ထိုင်းနိုင်ငံအပေါ် နိုင်ငံတကာ စင်မြင့်ထက်တွင် ဆက်လက် ပံ့ပိုးပေးနေသည့် အတွက် တရုတ်အစိုးရနှင့် သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့အား ကျေးဇူးတင်ကြောင်း အနူတင်က ပြောကြားခဲ့ သည်ဟု ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက် (Rachada Dhnadirek) ကဆိုသည်။
ထို့ပြင် ထိုင်းဘုရင် မင်းမြတ်နှင့် မိဖုရားတို့၏ တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်နှင့် ပတ်သက်ပြီး လည်း ပြန်ပြောင်း အောက်မေ့စွာ ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်
ထိုင်းဘုရင်နှင့် မိဖုရား၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံကြား ရင်းနှီးသည့် ဆက်ဆံရေးကို ထင်ရှားစွာ ပြသနေ ကြောင်း၊ နှစ်နိုင်ငံကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့် တည်ဆောက်ထားသော မိသားစု ဆက်ဆံ ရေးပေါ်တွင် အခြေခံ၍ ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအားလုံးကို တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးပေး လိမ့်မည်ဟု မျှော်လင့်ကြောင်း အနူတင်က ပြောကြားခဲ့သည်ဟု ဆိုသည်။
ဝမ်ယိကလည်း အနူတင်အား ထိုင်းဝန်ကြီးချုပ်အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ လာရောက် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းအစိုးရ၏ စီးပွားရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်နိုင်စွမ်းအပေါ် ယုံကြည်ကြောင်း၊ ထိုင်း-တရုတ် ဆက်ဆံရေးသည် ပိုမိုနီးကပ်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ဝမ်က သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်း၏မိသားစုကိုယ်စား ထိုင်းဘုရင် မင်းမြတ်နှင့် မိဖုရားတို့ထံသို့ မေတ္တာဖြင့် နှုတ်ခွန်းဆက် စကားများကိုလည်း အမှာပါးခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ တည်ငြိမ်မှုအပေါ် ယုံကြည်မှုရှိကြောင်း၊ ထိုင်းနိုင်ငံအတွက် ရေရှည်ယုံကြည် နိုင်သော မိတ်ဖက်အဖြစ် ရှိနေရန် အသင့်ရှိကြောင်း ဝမ်က အတည်ပြု ပြောကြားခဲ့သည်။
Source: The Nation
