CNI International News
ဘန်ကောက်၊ ဧပြီ ၂၅
ထိုင်းတရားရုံးချုပ်သည် အဓိက အတိုက်အခံ ပြည်သူ့ပါတီ (People's Party) ခေါင်းဆောင် နက်သာဖွန် ရူအန်ပန်ညာဝပ် (Natthaphong Ruengpanyawut) နှင့် ယခင်လွှတ်တော် အမတ်ဟောင်းများ အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လွှတ်တော်အမတ် ၄၃ ဦးတို့အပေါ် တင်သွင်းထားသည့် အမှုတွဲကို လက်ခံ လိုက်ပြီဖြစ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုင်းတော်ဝင်မိသားစုကို စော်ကားမှုဆိုင်ရာဥပဒေ (lese-majeste law) ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် အတွက် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်ပြီး ထိုအမှုသည် တရားစွဲဆိုခံရသည့် အတိုက်အခံ အင်အားစုအား နိုင်ငံရေးလောကမှ ပိတ်ပင်ခံရသည့်အထိ ဖြစ်လာနိုင်ဖွယ်ရှိသည်။
နက်သာဖွန် ဦးဆောင်သည့် People's Party သည် ဖေဖော်ဝါရီလက ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ဒုတိယနေရာ ရရှိခဲ့သည်။
People's Party မတိုင်မီက ဖျက်သိမ်းခံခဲ့ရသည့် ယခင် Move Forward Party (MFP) ပါတီ လက်ထက်က ထိုင်းတော်ဝင်မိသားစုကို စော်ကားမှုဆိုင်ရာဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်း တင်သွင်းခဲ့ဖူးသည်။
အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က အတိုက်အခံများ၏ လုပ်ဆောင်ချက်များ သည် ကျင့်ဝတ်ဖောက်ဖျက်မှု ဖြစ်နိုင်သည်ဟု စွပ်စွဲကာ အဆိုပါအမှုကို တရားရုံးချုပ်သို့ လွှဲပြောင်းပေးခဲ့သည်။

ထိုင်းဘုရင်ကို တွေ့ရစဉ်
တရားရုံးက ဧပြီ ၂၄ ရက်တွင် ထိုအမှုကို လက်ခံခဲ့သော်လည်း လွှတ်တော်အမတ်များအား ၎င်းတို့၏ လွှတ်တော် ရာထူးများမှ ချက်ချင်းရပ်ဆိုင်းခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။
တရားသူကြီး ၃ ဦး ပါဝင်သည့် တရားရုံးချုပ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ထိုအမှုသည် တရားရုံးအနေဖြင့် ဆက်လက် စစ်ဆေးရန်အတွက် လုံလောက်သော အခြေအနေရှိကြောင်း ပြောကြားခဲ့သည်။
သို့သော် တရားရုံး အနေဖြင့် လွှတ်တော်အမတ်များ၏ တာဝန်ထမ်းဆောင်ခြင်းကို ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန် ထားခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဧပြီ ၂၄ ရက်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နက်သာဖွန်က ၎င်း၏ ဥပဒေပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်သည် ဘုရင်စနစ်အောက်ရှိ ဒီမိုကရေစီစနစ်ကို ထိခိုက်စေရန် ရည်ရွယ် ချက် လုံးဝမရှိကြောင်း ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံရေးသမားတွေရဲ့ ဘဝထက် ပိုပါတယ်။ ကျနော်တို့ ရည်ရွယ်တာက ပြည်သူတွေအတွက် တန်းတူညီမျှမှုရှိစေဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ပါလီမန်ဒီမိုကရေစီ စနစ်အတွင်းရှိ လွှတ်တော်အမတ်များ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် ထိုင်းနိုင်ငံ၏ ဒီမိုကရေစီစနစ်သည် ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုစေရန်အတွက် ယခုအမှုကို တရားရုံးချုပ်တွင် ရင်ဆိုင်သွားမည်ဟုလည်း နက်သာဖွန်က ပြောကြားခဲ့သည်။
Source: Nikkei Asia
