CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၉
ထိုင်းနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သည့် ပြည်သူ့ပါတီ (PP) သည် အစိုးရအဖွဲ့သစ်အဖြစ် ရွေးကောက်ခံ ရပါက ဘတ် ၂၅၀ ဘီလီယံ တန်ဖိုးရှိ "ပထမ ရက် ၁၀၀" စီးပွားရေးစီမံကိန်းကို စတင် အကောင်အထည်ဖော် သွားမည်ဟု ကတိပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုစီမံကိန်းသည် လုပ်ငန်းရှင်များအတွက် ငွေကြေး စီးဆင်းမှုကို မြှင့်တင်ပေးခြင်း၊ မျှတသော ပြိုင်ဆိုင်မှုကို တင်းကျပ်ခြင်းနှင့် ပြည်တွင်းဝယ်လိုအားကို လှုံ့ဆော်ပေးခြင်းတို့ဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည် ဦးမော့လာစေရန် ရည်ရွယ်ပြီး လက်ရှိ အသုံးပြုနေသော အစိုးရထောက်ပံ့မှု အစီအစဉ်ကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ပါတီခေါင်းဆောင် နတ်တာဖွန် ရူအန်ပန်ယာဝပ် (Natthaphong Ruengpanyawut) သည် ဇန်နဝါရီ ၂၇ ရက်က ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (FTI) ၏ အမှုဆောင်များနှင့် တွေ့ဆုံပြီးနောက် ထိုအစီအစဉ်ကို အကျဉ်းချုံး ရှင်းလင်းပြောကြားခဲ့သည်။

ထိုင်းပြည်သူ့ပါတီကို တွေ့ရစဉ်
အစောပိုင်းအဆင့်တွင် စီးပွားရေး တည်ဆောက်ပုံဆိုင်ရာ ဟာကွက်များကို ပိတ်ဆို့ရန်နှင့် ထိုင်းစီးပွားရေး လုပ်ငန်းများနှင့် အလုပ်သမားများအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးရန် အာရုံစိုက်သွားမည်ဟု နက်တာဖွန်က ပြောကြားခဲ့သည်။
ပြည်သူ့ပါတီ (PP) ဦးဆောင်သည့် အစိုးရသည် စံချိန်မမီသည့် ထုတ်ကုန်များနှင့် ဒစ်ဂျစ်တယ် ပလပ်ဖောင်းများ ပေါ်တွင် ပြိုင်ဆိုင်မှုကို ပျက်ပြားစေသော ပြည်ပနိုင်ငံသားများ၏ အွန်လိုင်းရှော့ပင်များကို ချက်ချင်းနှိမ်နင်း သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုကိစ္စကို မဖြေရှင်းနိုင်ပါက ထိုင်းလုပ်ငန်းရှင်များနှင့် အလုပ်သမားများကို တိုက်ရိုက် ထိခိုက်စေလိမ့်မည်ဟုလည်း နက်တာဖွန်က သတိပေးခဲ့သည်။

ထိုင်းပြည်သူ့ပါတီကို တွေ့ရစဉ်
စီးပွားရေး လှုံ့ဆော်မှုနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ထောက်ပံ့ကြေးပေးသည့် စနစ်ကို ဆက်လက် လုပ်ဆောင် ခြင်း အပါအဝင် ပြည်တွင်းသုံးစွဲငွေ ယန္တရားများမှတဆင့် စားသုံးမှုနှင့် ထုတ်လုပ်မှု ကဏ္ဍနှစ်ခုလုံးတွင် စီးပွားရေး လှုပ်ရှားမှုများကို အရှိန်မြှင့်တင်သွားမည်ဟု ၎င်းက ဆိုသည်။
အဆိုပါ မူဝါဒအောက်တွင် ပြည်သူ့ပါတီသည် အဓိကယန္တရား ၃ ခုမှတဆင့် ငွေကြေး စီးဆင်းမှုအတွက် ဘတ် ၂၅၀ ဘီလီယံ အသုံးပြုရန် စီစဉ်ထားသည်။
ထိုယန္တရား ၃ ခုမှာ အိမ်ရာပိုင်ဆိုင်မှုနှင့် အိမ်ခြံမြေကဏ္ဍကို ပံ့ပိုးရန်အတွက် ပထမဆုံး အိမ်ရာချေးငွေအဖြစ် ဘတ် ၁၀၀ ဘီလီယံ၊ တရားဝင်ချေးငွေ ပိုမိုရရှိစေရန်နှင့် ပြင်ပချေးငွေအပေါ် မှီခိုမှုကို လျှော့ချရန် SME ချေးငွေအဖြစ် ဘတ် ၅၀ ဘီလီယံနှင့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်နှင့် AI နည်းပညာအသုံးပြုသည့် စက်မှု လုပ်ငန်းများအဖြစ် အဆင့်မြှင့်တင်ရန် အသွင်ကူးပြောင်းရေး ချေးငွေအဖြစ် ဘတ် ၁၀၀ ဘီလီယံ တို့ ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
