CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ အသုံးစရိတ်ကို တိုးမြှင့်ခံစားခွင့်ရှိကြောင်း ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်က မြန်မာနိုင်ငံရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုးခဲ့သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ “တည်းခို နေထိုင်စရိတ် ကျပ် ၅၀၀၀ အစား ကျပ် ၈၀၀၀”အဖြစ်လည်းကောင်း၊ “အခြားအသုံး စရိတ် ကျပ် ၅၀၀၀ အစား ကျပ် ၇၀၀၀”အဖြစ်လည်းကောင်း တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။

အလားတူ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်အတွက် “ကျပ် ၁၀၀၀၀ အစား ကျပ် ၂၀၀၀၀ အဖြစ် တိုးမြှင့်” သတ်မှတ် ပေးခဲ့သည်။
ထို့ကြောင့် မတ်လတွင် ပေါ်ပေါက်မည့် လွှတ်တော်၌ ကိုယ်စားလှယ် တစ်ဦးသည် တစ်ရက်လျှင် ယခင်က ကျပ် ၂၀၀၀၀ နှုန်းအစား ကျပ် ၃၅၀၀၀ နှုန်း ရရှိမည်ဖြစ်သည်။
