CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံတွင် မတ်လ၌ ကျင်းပမည့် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ရန်ရှိသော လွှတ်တော် အမတ်များ၏ လုံခြုံရေးကို ဆောင်ရွက်ထားရန် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရန် ရိပ်သာများပြင်ဆင် ဆောင် ရွက်ထားရှိရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးများအဆင် ပြေစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိရေး၊ လွှတ် တော်အစည်းအဝေးများကျင်းပစဉ်နှင့် ရပ်နားစဉ် ကာလတို့တွင် 
လွှတ်တော်ဝန်း အတွင်း/ အပြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့် နေရာများတွင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိရေး၊ လွှတ်တော် ကိုယ်စားလှယ်များအတွက် စားသောက်ရေးနှင့် ကျန်းမာ ရေးဆိုင်ရာ ကိစ္စရပ်များ၊ သွားလာရေး အဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များကိုလည်း စနစ် တကျ ဆောင်ရွက်ထားရှိရေး ဆောင်ရွက်ကြရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောသည်။

 ဦးညိုစော ဦးဆောင်သည့် လွှတ်တော်ဗဟိုကော်မတီ အစည်းအဝေး ကျင်းပစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးမှာ အရေးကြီးကြောင်း၊ လက်နက်ကိုင်များ ပေါများနေသည့် အချိန်၌ လာမလုပ်ဘူးလို့ ပြောမရကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အမှန်တကယ်ကတော့ ဒီချိန်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကတော့ တော်တော် အ ရေးကြီးတယ် ဘာလို့ဆိုတော့ လူထုအကျိုးတွေ၊ လွှတ်တော် စတာနဲ့ လူထုအကျိုးတွေ ဆောင်ရွက်ရမယ်၊ ပြော ကြ ဆိုကြရတော့မယ်။ သူတို့လုံခြုံရေးကိုတော့ ဒါအစိုးရကနေပြီးမှ တိတိကျကျ ခိုင်ခိုင်မာမာလေး လုပ်ပေးသင့် တယ်ပေါ့။ ဘာကြောင့်လဲ လူထုအကျိုးပြု လုပ်ငန်းတွေ ပြောတဲ့အခါကြလို့ရှိရင် အခုက လက်နက်ကိုင်တွေ ပေါ များနေတဲ့ အချိန်ကျတော့ လာမလုပ်ဘူးလို့လည်း ပြောမရဘူး။ အဲ့ဒီအခါကြတော့ ကျနော်တို့ အနေနဲ့ ဒါ လွှတ်တော် ကိုယ်စားလှယ်တွေက လွတ်လွတ်လပ်လပ်နဲ့ ပြောနိုင်ဆိုနိုင်အောင်တော့ ဒါလုံခြုံရေးကတော့ အရေး ကြီးတယ်လို့တော့ ကျနော် မြင်ပါတယ်ဗျ။ လုံခြုံရေးဆိုတာကတော့ မြန်မာနိုင်ငံမှာတော့ သတင်းပေါ့။ သတင်း လက်ဦးမှု ရယူဖို့တော့ အရေးကြီးပါတယ်။ အဲ့ဒီတော့ သတင်းရတာနဲ့ရသလို သူတို့ချိတ်ဆက် ဆောင်ရွက်ဖို့ အတွက် အချိတ်အဆက်တွေတော့ သူတို့လုပ်ထားကြရမှာပေါ့။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေ တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်၊ သတင်းဆိုတာ ပြည်သူကြားထဲကနေ လာလိမ့် မယ်၊ အဲ့ဒီ ပြည်သူတွေ သတင်းပို့လာရင် ချက်ချင်း အဲ့ဒီသက်ဆိုင်ရာကို အကြောင်းကြားပေါ့နော်။ အဲ့ဒီလို ပူးပေါင်း ဆောင်ရွက်ကြရမှာပေါ့။ ဒီနည်းနဲ့ပဲရှိတာပါ။ တခြားနည်းကတော့ ကျနော်တို့လည်း သိပ်မစဥ်းစားတက်ဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်ထိ အပိုင်း(၃) ပိုင်း ခွဲ၍ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။

ထို့နောက် မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိ သည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဝန်ကြီးချုပ် ဦးညိုစောနဲ့ယာယီသမ္မတကို တွေ့ရစဉ်

လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးကတော့ နိုင်ငံတော်တွင် အဓိက တာဝန်ရှိပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆောင်ရွက်ပေးလိမ့်မည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုကာလက လွှတ်တော်ကိုယ်စားလှယ်တွေက အန္တရယ်ရှိတယ်ပေါ့။ နေရာအားလုံးမှာ မဟုတ်ပေမယ့် တချို့ နေရာမှာတော့ သူတို့ရဲ့ လုံခြုံရေးအတွက် လိုတာပေါ့။ အဲ့ဒါတော့ မရှိမဖြစ် လိုအပ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီဆိုရင် သူရဲ့လုံခြုံရေးက နိုင်ငံတော်အစိုးရရဲ့ တာဝန်ဖြစ်သွားပြီလေ။ အခုကျတော့ လွှတ်တော်ကို ယ်စားလှယ်တွေ ဖြစ်လာပြီဆိုတော့ ဦးတို့ပါတီကတော့ ထုံးစံအတိုင်းပဲ မိမိရဲ့လုံခြုံရေးကို လုံခြုံရေး သတိရှိဖို့ပေါ့။ တကယ် တာဝန်ကတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားပြီဆိုရင် နိုင်ငံတော်ရဲ့ တာဝန်က အဓိက ပိုကျသွားပြီပေါ့။ ဒီလွှတ်တော် ကိုယ်စားလှယ်တွေကို လုံခြုံရေးသတိ ကိုယ်ဘာသာကိုပဲထားဖို့ လိုတာပေါ့ နော်။ မလိုအပ်ရင် အရမ်းခရီးတွေ ဘာတွေ သွားတာတွေ မလုပ်ဖို့ပေါ့။ လုံခြုံရေးအတွက်ကို သူတို့ကြိုတင်ပြီး တော့ ပြင်ဆင် ထားပေးသင့်တယ်လို့ ထင်တာပေါ့နော်။ ဟိုဟာ လွှတ်တော် မတက်ခင်ရော၊ လွှတ်တော် တက်ပြီး တော့ရော၊ လွှတ်တော် မတက်ခင် ကြားကာလမှာတွေရော ဒါသက်ဆိုင်ရာ အဖွဲ့အစည်းတွေက နိုင်ငံတော်နဲ့ ပတ်သက်တဲ့၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက သူတို့တာဝန်တွေကို ဆောင်ရွက် ပေးလိမ့်မယ်လို့တော့ ဦးတို့တော့ ထင်ပါတယ်”ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်အားလုံး ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ကြရမှာဖြစ်ကြောင်း၊ လုံခြုံရေးတွင် ပုံစံအမျိုးမျိုးရှိ ကြောင်း၊ လုံခြုံရေးဆိုသည်က မတူညီသည့် ပုံစံများ အများကြီးရှိကြောင်း၊ ကိုယ်စားလှယ်အားလုံးကို လုံခြုံမှုပုံစံ တစ်ခုထဲ သတ်မှတ်၍ မရကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ  ဦးစန်းလွင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို ရ ယူခဲ့သည်။

မြန်မာ့တပ်မတော်က ဦးဆောင်ပြီး ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ နှင့် အမျိုးသာညီညွတ်ရေးအစိုးရ(NUG)တို့က အတုအယောင် ရွေးကောက်ပွဲဟု ပြောဆိုထားပြီး ပြည်သူများကြား တွင်လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြောင်း စောင့်ကြည့်လေ့လာသူများက ထောက်ပြကြသည်။

ထို့နောက် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်သူများကို ထိရောက်စွာ အရေးယူမည်ဟု NUG၊ PDF နှင့် တိုင်းရင်း သားလက်နက်ကိုင် တချို့က ထုတ်ပြန် ကြေညာထားသည်။