CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅
ရွေးကောက်ပွဲတစ်ခုတွင် အပြိုင်အဆိုင်မရှိပဲ နိုင်သွားခြင်းက တစ်မျိုးကြီးဖြစ်နေပြီး ပြိုင်ဖက်ရှိပြီးနိုင်မှ ဂုဏ်သိက္ခာ ရှိသည့် ကိုယ်စားလှယ်လောင်း ဖြစ်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဖြစ်သော်လည်း တချို့သော နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်မှာ လုံခြုံရေးအာမခံချက် မရှိ၍ ပြိုင်ဖက်ကိုယ်စားလှယ်လောင်းမရှိဘဲ အနိုင်ရရှိထားသည့် အခြေအနေများရှိနေသည်။
အဆိုပါ ပါတီများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၂၈ ဦးရှိပြီး “ဝ”အမျိုးသားပါတီ၊ အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)တို့က ၁ ဦးစီဖြစ်သည်။
အနိုင်ရရှိထားသည့် နယ်မြေများသည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် စသည့် မဲဆန္ဒနယ်မြေများတွင် ဖြစ်သည်။
ရွေးကောက်ပွဲတစ်ခုတွင် သေသေချာချာ ပြိုင်ဆိုင်ပြီးမှ နိုင်ခြင်းက ပိုကောင်းကြောင်း၊ ပြိုင်သူမရှိ၍ တစ်ယောက် ထဲပြေးကာ ပန်းဝင်ခြင်းကနေ ကိုယ်စားလှယ်ဖြစ်ခြင်းမှာ တစ်မျိုးဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို တွေ့ရစဉ်
၎င်းက “အဓိက,ကတော့ ကျန်တဲ့ ပါတီတွေဘက်က မပြိုင်နိုင်တဲ့ နေရာတွေမှာတော့ ဒါကတော့ အစထဲက ပြော ထားပြီးသားကို အဲဒီမှာ ၂၈ နေရာ ဖြစ်သွားတော့လည်း ဒါကတော့ မတတ်နိုင်ဘူးပေါ့လေ။ ကျန်တဲ့ပါတီတွေလည်း အဲဒီနေရာတွေမှာ ဝင်ရခက်တယ် ဆိုတာတွေလည်း ဖြစ်တာကို တချို့ဟာတွေဆိုရင်က အဲ့လိုမျိုး နည်းနည်း ဝင် ပြိုင်ဖို့ ကြိုလုပ်တယ် သို့ပေမယ့် ဖိအားပေး ခံရတဲ့ဟာတွေ ဘာတွေရှိတာပေါ့။ အဲ့လိုမျိုးတွေကတော့ ကြားရတဲ့ ကိစ္စတွေ ရှိတာပေါ့။ ရွေးချယ်စရာ မလိုဘဲ တစ်ဦးထဲပြိုင် တစ်ဦးထဲဟာကတော့ သိပ်ကြည့်လို့ မကောင်းဘူး၊ သို့ပေမယ့် တစ်ခုရှိတာက လက်ရှိ အဲဒီနေရာတွေက တော်တော်ကို ကျန်တဲ့ပါတီတွေ လုပ်ရလည်း တော်တော် ခက်တဲ့ နေရာတွေ ဖြစ်နေတယ် ဝင်ဖို့လည်း တော်တော် ခက်တာပေါ့။ အဲဒီနေရာ အတွက်ကတော့ မတက်နိုင်ဘူး ပေါ့။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ တစ်ခုကတော့ သေသေချာချာ ပြိုင်ဆိုင်ပြီး နိုင်တာက ပိုပြီးတော့မှ ပိုကောင်း တယ်ပေါ့။ ဒီတိုင်းကြီး ပြိုင်သူမရှိလို့ တစ်ယောက်ထဲပြေးပြီး ပန်းဝင်တယ် ဆိုတာမျိုးထက် စာလို့ရှိရင် ဖြစ်ရတဲ့ ကိုယ်စားလှယ်အတွက်လည်း တစ်မျိုးဖြစ်တာပေါ့။ အပြိုင်အဆိုင်မရှိပဲ နိုင်သွားတယ်ဆိုတာကြီးကိုက တစ်မျိုး ဖြစ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်မဲ ဘယ်လောက်နဲ့ နိုင်တယ်ဆိုတဲ့ဟာကလည်း ကိုယ်စားလှယ်လောင်း တစ်ယောက်မှာ ဂုဏ်သိက္ခာ ဒါကပိုပြီးတော့မှ ကောင်းတာပေါ့” ဟု ပြောသည်။
ပြည်သူ့လွှတ်တော် အတွက်ဆိုလျှင် ကချင်ပြည်နယ်ထဲက နောင်မွန်၊ မံစီ၊ ရွှေကူ စသည့် မြို့နယ်များဖြစ်ပြီး စစ်ကိုင်းတိုင်းမှာတော့ မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီးနှင့် ရေဦး စသည့် မြို့နယ်များဖြစ်သည်။
ထို့နောက် တနင်္သာရီတိုင်းက ရေဖြူ၊ လောင်းလုံးနှင့် ရှမ်းပြည်နယ်က မက်မန်း၊ ဖယ်ခုံ စသည့် မြို့နယ်များ ဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်အတွက်ကမူ အများစုက စစ်ကိုင်းတိုင်းဒေသကြီးထဲက ကောလင်း၊ ဝန်းသို၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီး၊ ရေဦး စသည့် မြို့နယ်များမှ ၈ နေရာအထိ USDP က အနိုင် ရထားသည်။

ဝအမျိုးသားပါတီကို တွေ့ရစဉ်
ရွေးကောက်ပွဲတွင် တချို့မဲဆန္ဒနယ်များ၌ တစ်ယောက်ထဲ တင်ထားသောကြောင့် ဖွဲ့စည်းပုံအရ ပြိုင်သည့်လူမ ရှိလျှင် ၎င်းကနိုင်မှာဖြစ်ပြီး နစ်နာတာ မရှိလောက်ဘူးဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါလည်း ဖွဲ့စည်းပုံအရပဲလေ ပြိုင်တဲ့လူ မရှိရင်တော့ သူနိုင်မှာပဲ နစ်နာတာတော့ မရှိလောက်ဘူးလို့ ယူဆပါတယ်။ ကျနော်တို့ အာခါတိုင်းရင်းသားရေးရာဆိုရင်လည်း တစ်ယောက်ထဲ တင်တာဖြစ်တာမို့ ယှဥ်ပြိုင် စရာမလိုတော့ဘူးပေါ့။ ဒါသူဝန်ကြီး ဖြစ်သွားတာပေါ့လေ။ ဒါတကယ်တမ်း ကော်မရှင်ကနေပြီးမှ အားလုံးပြီးလို့ ရွေးကောက်ပွဲကြေညာတဲ့ အခါကြရင် သူက ယှဥ်ပြိုင်စရာ မလိုတော့ဘူး။ “ဝ”ထဲက တစ်ယောက်လား အဲ့တိုင်း ပါဘဲ သူက အမျိုးသားလွှတ်တော်မှာ သူလည်း ယှဥ်ပြိုင်စရာမလိုပဲ သူတစ်ယောက်ထဲ တင်ထားတာ ဒါဖွဲ့စည်းပုံ အရ ဆောင်ရွက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နစ်နာမယ်လို့တော့ ကျနော် မမြင်ပါဘူး။ တစ်ဖက်က အဖွဲ့ အစည်း ဖျက်လို့ဖျက်စီး လုပ်တဲ့လူတွေကတော့ ခြိမ်းခြောက်ကျမှာပဲ တခြား ရွေးကောက်ပွဲဝင်တဲ့ လူတွေကိုလည်း ခြိမ်းခြောက်နေတယ်ဆိုတဲ့ အခါကျတော့ ရှိတယ်မရှိဘူးလို့တော့ မပြောလိုတော့ဘဲ အားလုံးကို ခြိမ်းခြောက်နေ တာပဲလေ သူတို့က ရွေးကောက်ပွဲ ဝင်တဲ့လူမှန်သမျှ”ဟု ပြောသည်။
ရွေးကောက်ပွဲဥပဒေ အခန်း(၉)၊ ပုဒ်မ ၄၁ (က) အရ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ရှိလျှင် ရွေးကောက်ပွဲ ကျင်းပစရာမလိုပဲ ထိုကိုယ်စားလှယ်လောင်းကိုသာ အနိုင်ရ ကိုယ်စားလှယ်အဖြစ် ကြေ ညာရမည် ဖြစ်သည်။
ရွေးကောက်ပွဲတွင် အမတ်လောင်း အများဆုံး တင်သွင်းထားသည့် ပါတီများမှာ USDP ပါတီဖြစ်ပြီး ဒုတိယက တစညပါတီ၊ တတိယက PPP ပါတီ၊ ထို့နောက် ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။
