CNI New
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲကို ကြီးကြပ်နိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးအပ်ရန် စီစဉ်လာခြင်းက ဘာကြောင့် ဖြစ်နိုင်လဲဆိုသည့် အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား အမျိုးမျိုးသုံးသပ်လျက်ရှိနေသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်ကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်များဖြင့် ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့် ဖြစ်စေ အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်၊ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူ တစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ရမည်၊ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန် ပေးအပ်ရမည်ဟု ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်က ပြင်ဆင်ခဲ့သည်။
ရွေးကောက်ပွဲကို မဖြစ်မနေ ဖျက်မည်ဟု ခြိမ်းခြောက်မှုများကြောင့် အရပ်သားများက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ပါဝင်ရန် ခက်ခဲသည့်အတွက် နိုင်ငံ့ဝန်ထမ်းများကို အစားထိုး တာဝန်ပေးနိုင်ရန်အတွက် ပြင်ဆင် ခြင်းဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြင်ဆင်မှု ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “ကြည့်ရတဲ့ပုံစံပေါ့နော်၊ ဒီတစ်ခေါက် ရွေးကောက်ပွဲရဲ့ ဟိုရွေးကောက်ပွဲကို ပျက်အောင် ဖျက်မယ်ဆိုပြီး တော့ ပြောထားတဲ့ လူတွေကလည်းရှိတယ်၊ သမာသမတ်ကျတဲ့ မြို့ပေါ်မှာရှိတဲ့ လူတွေ ရပ်မိရပ်ဖတွေ ဒါကို တာဝန်ယူ ဆောင်ရွက်ဖို့က သူတို့ရဲ့အန္တရာယ်ကို စိုးရိမ်ရတဲ့ အနေအထားမျိုးရှိတော့ တော်ရုံတန်ရုံက မလုပ်ကြတဲ့ အတွက်ကြောင့်မို့က နိုင်ငံ့ဝန်ထမ်းတွေကို တာဝန်ပေးမယ်ဆိုတဲ့ဟာမျိုး ဖြစ်လိမ့်မယ်ထင်တယ်။ ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာရှိတော့ ရွေးကောက်ပွဲဖြစ်အောင် လုပ်မယ်ဆိုတဲ့ဟာကို ပြောထားတာကို။ ပြောထားတာဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းပြီဆိုရင် နိုင်ငံ့ဝန်ထမ်းတွေသည် တမျိုးတစ်မည်ပေါ့ လွတ်လပ်၍ အဲလိုမျိုးပေါ့ လွတ်လွတ်လပ်လပ် ဖြစ်ပါ့မလားပေါ့။ တစ်ဖက်ဖက်ကို စိုးရိမ်တဲ့ဟာမျိုး ဒါမျိုးတွေတော့ စဉ်းစားနိုင် တာတော့ရှိတာပေါ့လေ။ လူတွေက ငြင်းပယ်တဲ့အခါမှာ ကယ်ဒါဆိုရင်တော့ နိုင်ငံ့ဝန်ထမ်းတွေနဲ့လုပ်မယ် ဒါက အမြင်ပေါ့ တိုင်းပြည်အတွက်က အက်အကြောင်းတစ်ခု ဖြစ်နိုင်တဲ့အတွက်ကြောင့် ဒါကတော့ ဘယ်လိုပဲဖြစ်ဖြစ် မြို့မိမြို့ဖနဲ့ပဲလုပ်လုပ်၊ နိုင်ငံ့ဝန်ထမ်းနဲ့ပဲလုပ်လုပ် ကျနော်တို့ အနေနဲ့တော့ တိုင်းပြည်ကို အမြန်ဆုံး ပြောင်းစေ ချင်တယ်ပေါ့နော်။ ဘယ်သူပဲနိုင်နိုင်ပေါ့လေ တပ်မတော်ကနေ အာဏာယူထားတာ ထက်စာရင် ဒီအရပ်ဖက် အုပ်ချုပ်ရေးဆိုမှလည်း နိုင်ငံတကာရဲ့လက်ခံမှု ဘာမှုကလည်း ရှိတဲ့အခါကြတော့ တိုင်းပြည်ရွေးကောက်ပွဲဖြစ်ဖို့ အတွက်ကိုက တော့ ကျနော်တို့ကတော့ သဘောတူပါတယ် ပူးပေါင်းလည်း ဆောင်ရွက်သွားမှာပေါ့”ဟု ပြော သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းလိုက်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်နိုင်သည့် ဥပဒေပြင်ဆင် ပြဋ္ဌာန်းမှု အပေါ်တွင် အကျိုးသက်ရောက်မှု သိပ်မရှိနိုင်ဘူးဟု မြင်မိကြောင်း၊ မဟုတ်တာလုပ်ရင် ရာထူးပြုတ်မှာဖြစ်သည့် အတွက် နိုင်ငံ့ဝန်ထမ်းကို ရွေး/ကော်အဖွဲ့ခွဲ အဆင့်ဆင့်မှာ တာဝန်ပေးမှုက ရွေးကောက်ပွဲ သမာသမတ်ပိုကျနိုင် ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲမဲရလဒ် ကြေညာနေစဉ်
၎င်းက “အကျိုးသက်ရောက်မှုကတော့ သိပ်မရှိနိုင်ပါဘူး။ ဒီပုံမှန် ရွေးကောက်ပွဲတွေ တုန်းကလိုပဲပေါ့နော်။ အခုက ဝန်ထမ်း ဖြစ်သွားပြီဆိုရင်လည်း တိုင်ကျပြုကြရင် သူတို့မတရားလုပ်တာနဲ့ နိုင်ငံရေးပါတီက တိုင်ကြလို့ ပြုတ်သွား မှာလည်း စိုးရိမ်တဲ့အပိုင်းလေးတွေ ရှိနေမယ်ဆိုရင်တော့ သူတို့ဘက်က မှန်မှန်ကန်ကန်လုပ်ဖို့တော့ များတာပေါ့။ သူက တစ်ဖက်ပါတီကိုလည်း ပါကောင်းပါမှာပေါ့လေ၊ ပြည်သူကြားထဲကနေပြီးမှ ကျနော်တို့ အတွေ့အကြုံအရဆို ရင်တော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲတုန်းကဆိုရင် ကော်မရှင်ကိုယ်တိုင်ကိုမှ ဒီ NLD ပါတီဘက်ကို လုံးလုံးလျားလျား ပါထားတာပေါ့နော်။ မဲမသမာမူတွေကို ကျနော်တို့က ဓာတ်ပုံတွေရိုက်၊ ဗွီဒီရိုတွေရိုက် ရိုက်ပြီးမှ ဒီကော်မရှင်ကို တိုင်၊ ကော်မရှင်က စုံညီအစည်းအဝေးခေါ် နိုင်ငံရေးပါတီတွေခေါ်ပြီးမှ ကျနော်တို့က ပရိုဂျက်တာတွေထိုးပြ အဲဒီ ဥစ္စာတွေလုပ်တဲ့ခါ ဒီမဲထည့်တဲ့နေရာမှာ ဓာတ်ပုံရိုက်ခွင့် မရှိဘူးဆိုတာ ရှင်တို့မသိဘူးလားပေါ့။ တစ်ဖက်က ဟိုဘက်က မတရားလုပ်တဲ့ကိစ္စကို ကျနော်တို့က မှတ်တမ်းယူထားတာ အခုလိုကျတော့ နိုင်ငံ့ဝန်ထမ်းတို့ ဒီလိုမျိုး ဖြစ်လာရင် ကျနော်တို့ နိုင်ငံရေးပါတီတွေကလည်း ငြိမ်နေမှာမဟုတ် တိုင်ကြရင်တော့ ပြုတ်သွားနိုင်တယ်။ ပြုတ် သွားတဲ့အပိုင်း ကဏ္ဍတွေကျရင်တော့ သူကလည်း ဆောင်ရွက်မယ် မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ မြင်တာပေါ့ နော်။ ဟိုတုန်းက ဖြစ်ခဲ့တဲ့ မတရားမှုတွေကိုတော့ သူကတော့ အဲလိုပုံစံမျိုး တစ်ဖက်သတ်ကို လိုက်မယ်လို့တော့ ကျနော်မထင်ဘူးပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ အပိုင်းလိုက်ခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း၊ ဂုဏ်သိက္ခာရှိသည့် လွှတ်တော် တစ်ရပ်ပေါ်ပေါက်လာစေလိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
တိုင်းရင်းသားလက်နက်ကိုင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)တို့ကတော့ နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။