CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၄
အီရန်၏ နျူကလီးယားစက်ရုံများကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမေရိကန်၏ စီးပွားရေး အပါအဝင် ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှု အလားအလာအပေါ် မရေရာမှုများ ထပ်မံမြင့်တက်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်း ပါဝဲလ် ( Jerome Powell) က ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်တွင် လွှတ်တော်၌ အစီအရင်ခံထွက်ဆိုမှု အပါအဝင် ဗဟိုဘဏ်မှ တာဝန်ရှိသူများက စီးပွားရေး အချက်အလက်များနှင့် ကြေညာချက် များ ထုတ်ပြန်နေချိန်၌ ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဓိက စိုးရိမ်စရာ ကိစ္စတစ်ခုမှာ စွမ်းအင်စျေးနှုန်းများ မြင့်တက်မည့် အလားအလာဖြစ်ပြီး ရေနံဈးနှုန်းများ မြင့်တက်ခြင်းသည် စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းများအပေါ် ယုံကြည်မှုတို့ကို ထိခိုက်စေနိုင်၍ အသုံး စရိတ်များအား လျှော့ချရမည့် အနေအထားဖြစ်သည်။
စက်သုံးဆီ ထည့်နေစဉ်
အီရန်က လက်တုံ့ပြန် လာခဲ့ချိန်တွင်လည်း ပဋိပက္ခသည် ပင်လယ်ကွေ့ဒေသထက် ကျော်လွန်ပြီး ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်များ ပေါ်ပေါက်လာစေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Morgan Stanley ဘဏ်မှ စီးပွားရေး မဟာဗျူဟာပညာရှင် အယ်လန် ဇန်တနာ (Ellen Zentner) ကမူ ထိုပဋိပက္ခ သည် အိမ်ထောင်စုများ၏ အသုံးစရိတ်အတွက် ဖိအားများ ဖြစ်လာစေနိုင်ပြီး အမေရိကန်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို နှေးကွေးစေလိမ့်မည်ဟု ပြောသည်။
အမေရိကန်သည် ကမ္ဘာတစ်ဝန်း ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံခဲ့သဖြင့် ယခင်ကတည်းက ကုန်သွယ်ရေးနှင့် စီးပွားရေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟုလည်း ၎င်းက ဆိုသည်။
အမေရိကန်က အီရန်ကို ဗုံးကြဲနေပုံကို ဖော်ညွန်းထားစဉ်
သို့သော် ကျွမ်းကျင်သူအချို့ကမူ အီရန်ကို တိုက်ခိုက်ခြင်းသည် အရှေ့အလယ်ပိုင်းဒေသတွင် ရေရှည်တည်တံ့သည့် တည်ငြိမ်မှုကို ရရှိစေနိုင်သည်ဟုလည်း သုံးသပ်ခဲ့ကြသည်။
အထူးသဖြင့် အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး၏ စတော့ရှယ်ယာ စျေးကွက်သည် စံချိန်တင် မြင့်တက်လာ ခဲ့ကြောင်း၊ ထိုအချက်က ရင်းနှီးမြှုပ်နှံသူများက အစ္စရေးအပေါ် ယုံကြည်ချက်ရှိသည့် အရိပ်လက္ခဏာ ဖြစ်သည်ဟု Yardeni Research သုတေသနကုမ္ပဏီက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ စီးပွားရေးတွင် အားနည်းချက်များ ပိုမိုမြင့်တက်နေပြီး အမေရိကန် အလုပ်သမား စျေးကွက်လည်း အရှိန်လျော့ခဲ့သည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် အမေရိကန်ဗဟိုဘဏ်က သတ်မှတ်ထားသည့် ၂ ရာခိုင်နှုန်းအနီးသို့ ရောက်ရှိဖွယ်ရှိပြီး ဗဟိုဘဏ် တာဝန်ရှိသူများက လာမည့်လများအတွင်း ကုန်သွယ်ခွန်နှင့် စွမ်းအင် ကုန်ကျစရိတ်များသည် ထပ်မံ မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။
Source: ရိုက်တာ