CNI International News
ဘန်ကောက်၊ ဇွန်လ ၂၄
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) သည် ဇွန်လ ၂၃ ရက်က အစိုးရအဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း The Straits Times သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ပေတုန်တန်သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောခဲ့သည့် အသံဖိုင်ပေါက်ကြားခဲ့ပြီး နောက် နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းနေခြင်းဖြစ်သည်။
အသက် ၃၈ နှစ်အရွယ် ပေတုန်တန်သည် ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသ အငြင်းပွားမှု ပြဿနာကို စီမံခန့်ခွဲမှု ပိုင်းတွင် အားနည်းမှုကြောင့် ဝေဖန်ခံခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ ညွန့်ပေါင်းအစိုးရထဲမှ အဓိက မိတ်ဖက်ပါတီတစ်ခု နုတ်ထွက်သွားခဲ့သဖြင့် အစိုးရပြိုလဲကာနီး အခြေအနေအထိ ရောက်ရှိခဲ့သည်။
ပေါက်ကြားခဲ့သည့် အသံဖိုင်အတွင်း ပေတုန်တန်က ဟွန်ဆန်ကို ဦးလေးဟုခေါ်ဆိုခဲ့ကာ ထိုင်းနိုင်ငံ အရှေ့မြောက် ဘက်ရှိ ထိုင်းစစ်တပ်၏ တပ်မှူးတစ်ဦးအား ၎င်း၏ ပြိုင်ဘက်တစ်ဦးအဖြစ် ရည်ညွှန်း ပြောဆိုခဲ့သဖြင့် လူမှုမီဒီယာ များပေါ်တွင် ပေတုန်တန်ကို ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် ဘန်ကောက်မြို့တော်တွင်လည်း ၎င်းအား ဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက ၎င်းအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့သဖြင့် ပေတုန်တန်သည် လူထုကို ပြန်လည်တောင်းပန်ခဲ့ရသည်။
ပေတုန်တန်ကို တွေ့ရစဉ်
အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့် ဝန်ကြီးများနှင့် ရာထူးနေရာများ စာရင်းကို ဇွန်လ ၂၇ ရက်တွင် အပြီးသတ် ရေးဆွဲ မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အဓိက ဝန်ကြီးဌာနများ၌ ရာထူးနေရာများ ပြောင်းလဲမှု ရှိနိုင် ကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
ပေတုန်တန် အနေဖြင့် အစိုးရအဖွဲ့နှင့် လွှတ်တော်တွင်း အကျပ်အတည်းများမှ လွတ်မြောက်ခဲ့မည်ဆိုသည့်တိုင် အခြေခံဥပဒေဆိုင်ရာတရားရုံးတွင် အမှုရင်ဆိုင်ရမည့် အလားအလာရှိနေသည်။
အဘယ်ကြောင့်ဆိုသော် ကွန်ဆာဗေးတစ် လွှတ်တော်အမတ်များက ဟွန်ဆန်နှင့် ဖုန်းပြောခဲ့ချိန်အတွင်း ပေတုန်တန်၏ ပြုမူပြောဆိုပုံများကြောင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားရန် အခြေခံဥပဒေဆိုင်ရာ တရားရုံးကို လျှောက်ထားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လကလည်း ပေတုန်တန် မတိုင်မီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရီသာ သာဗီဆင် (Srettha Thavisin) ကို အခြေခံဥပဒေဆိုင်ရာတရားရုံးက ကျင့်ဝတ်စည်းကမ်း ချိုးဖောက်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ဖူးသည်။
Source: The Straits Times