CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၉

ထိုင်းနိုင်ငံတွင် ပေတုန်တန်၏ ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့က မူဝါဒ ၁၀ ချက်ကို ချက်ချင်း အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုမူဝါဒများထဲတွင် ကြွေးမြီအစီအစဉ် ပြန်လည်ရေးဆွဲရေး၊ တရားဝင် မဟုတ်သည့် မြေအောက် စီးပွားရေး လုပ်ငန်းများကို တရားဝင် ဖြစ်စေရေး၊ စွမ်းအင်နှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် ကောက်ခံမှုများကို လျှော့ချ ရေး (ဥပမာ-မီတာခလျှော့ချခြင်း) နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများပါဝင်ကြောင်း သိရသည်။

ကျန်ရှိနေသည့် စီးပွားရေးနှင့် လူမှုရေးမူဝါဒများမှာ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်၊ စီးပွားရေး လှုံ့ဆော်ရေး၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများကို မြှင့်တင်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုကို တိုက်ဖျက်ရေး၊ လူမှုဖူလုံရေး အစီအစဉ်များကို မြှင့်တင်ရေးတို့ ဖြစ်သည်။

ပေတုန်တန်ကို တွေ့ရစဉ်

အထက်ဖော်ပြပါ မူဝါဒ ၁၀ ချက်အပြင် ထိုင်းအစိုးရအဖွဲ့သစ်သည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးကဏ္ဍတို့မှ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များနှင့်အတူ ပူးပေါင်းပြီး အမျိုးသားပြန်လည် စည်းလုံးရေးကိုလည်း အရေးကြီးကိစ္စအဖြစ် လုပ်ဆောင်သွားမည်ဟု သိရသည်။

ထို့ပြင် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ ဒီမိုကရေစီစနစ်ကို ခိုင်မာစေရန်၊ ပြည်သူများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲခြင်းဖြင့် ထိုင်းလူမျိုးများနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြှင်တင်ရန်၊ တရား ဥပဒေကို လေးစားလိုက်နာရန်၊ ပွင်လင်းမြင်သာမှုရှိရန်၊ အစိုးရ၏ ဗျူရိုကရေစီစနစ်နှင့် စစ်တပ်ကို ပြုပြင်ပြောင်းလဲ ရန်၊ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများကို မြှင့်တင်ရန်လည်း အစိုးရအဖွဲ့က ကတိပြုခဲ့သည်။

ပထဝီနိုင်ငံရေး အခြေအနေ၏ စိန်ခေါ်မှုများနှင့် ပတ်သက်ပြိး အစိုးရက နိုင်ငံတကာ ပဋိပက္ခတွင် ဝင်ရောက် ပါဝင်ခြင်းမရှိသည့် မဟာဗျူဟာကို ဆက်လက် ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ အာဏာအပျော့ကို ဖန်တီးပြီး တက်ကြွမှုနှင့် အားမာန်ပါသည့် စီးပွားရေးဆိုင်ရာ သံတမန်ဆက်ဆံရေးများကိုလည်း ဆက်လက် လုပ်ဆောင် မည်ဟု ကတိပြုခဲ့သည်။

 ပေတုန်တန်ကို တွေ့ရစဉ်

အစိုးရအဖွဲ့၏ မူဝါဒများကို အချေအတင် ဆွေးနွေးပြီးနောက် စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ် (Paetongtarn Shinawatra) က လွှတ်တော်ကို တင်သွင်းမည်ဖြစ်သည်။

ထိုအချိန်အတောအတွင်း အတိုက်အခံ ပြည်သူ့ပါတီမှ လွှတ်တော်အမတ် ၄၀ ခန့်သည် အစိုးရအဖွဲ့၏ မူဝါဒများကို တင်းကျပ်စွာ လေ့လာဆန်းစစ်ရန် ပြင်ဆင်လျက်ရှိသည်။

ပေတုန်တန်ကမူ ယခင်အစိုးရအဖွဲ့၏ ၁၂ လကြာ သက်တမ်းအတွင်း စွမ်းဆောင်ရည် အားနည်းခဲ့မှုကြောင့် အချေအတင် ဆွေးနွေးမှု ပြုလုပ်ချိန်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

Source: Thai PBS World