CNI International News

ပြုံယမ်း၊ စက်တင်ဘာ ၉

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ရေတပ်စခန်းတစ်ခု ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ရေတပ်အင်အားကို မြှင့်တင်မှု၏ အရေးကြီးပုံအား အလေးထား ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

"အခုဆိုရင် ကျနော်တို့ဟာ ကြီးမားတဲ့ စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို မကြာခင် ပိုင်ဆိုင်ရတော့မှာပါ။ ရေတပ်စခန်း ဆောက်လုပ်ရေးဟာ ကြီးမားတဲ့ စစ်သင်္ဘောတွေအတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန် တစ်ခု ဖြစ်လာခဲ့ပါပြီ" ဟု ကင်မ်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက စက်တင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။

ထိုခရီးစဉ်အတွင်း ကင်မ်က စစ်သင်္ဘောများ၏ လက်နက်စနစ်များကို တပ်ဆင်နိုင်သည့် ရေတပ်ဆိပ်ကမ်းတစ်ခု ဆောက်လုပ်ရန်လည်း လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ဆိပ်ကမ်းကို ကာကွယ်ရန် ကမ်းရိုးတန်း ကာကွယ်ရေးစနစ်များနှင့် လေယာဉ်ပစ် လက်နက်စနစ်များ ဖြန့်ကြက်ချထားမည့် အစီအစဉ်များကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံ၏ အနောက်ဘက်နှင့် အရှေ့ဘက် ပင်လယ်ရေကြောင်း နယ်စပ်များတွင် ထိုကဲ့သို့ စစ်စခန်းများ တည်ဆောက်မှုက ပထဝီနိုင်ငံရေးဆိုင်ရာ အားသာချက်များ ရရှိလိမ့်မည်ဟုလည်း ကင်မ်က ပြောကြားခဲ့သည်။

ရေတပ်ပစ်ခတ်မှုကို ကြည့်နေတဲ့ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

သို့သော် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ တည်နေရာကိုမူ KCNA ကဖော် ပြခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားသတင်းများကို စောင့်ကြည့်ဖော်ပြပေးနေသည့် 38 North ဝက်ဘ်ဆိုက်က ထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံထဲတွင်မူ Sinpo-C အမျိုးအစား ပဲ့ထိန်းစနစ်တပ် ရေငုပ်သင်္ဘောအသစ်သည် Sinpo South သင်္ဘောကျင်းတွင် အစိတ်အပိုင်းများ တပ်ဆင်နေသည့် မြင်ကွင်းကို တွေ့ရသည်။

ထိုသင်္ဘောကျင်းသို့ သွားရောက်သည့် သီးခြားခရီးစဉ် တစ်ခုတွင်လည်း ကင်မ်က သင်္ဘောများ တည်ဆောက်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံ လိုအပ်ချက်များကို နှစ်ရှည်စီမံကိန်းဖြင့် ချက်ချင်းလုပ်ဆောင်နိုင်ရန် အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ညွှန်ကြားခဲ့သည်။

ကင်မ်သည် ကာကွယ်ရေး စက်မှုလုပ်ငန်းတစ်ခုသို့ သွားရောက်ခဲ့ချိန်တွင် လက်နက်ခဲယမ်း ထုတ်လုပ်မှုများကို သိပ္ပံနည်းကျ ပိုမိုခေတ်မီဆန်းသစ်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

ထို့ပြင် မကြာသေးမီက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုတို့ကိုလည်း မြောက်ကိုရီးယား က သီးခြား ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ဝေဖန်ရှုတ်ချခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်