CNI International News
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၇
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)က ၎င်း၏တပ်ဖွဲ့များသည် တောင်ကိုရီးယားကို အမြစ်ပြတ် ချေမှုန်းနိုင်ကြောင်း ကြုံးဝါးခဲ့ပြီး အမေရိကန်ကိုလည်း ရန်လိုမှုများ အဆုံးသတ်သင့်သည်ဟု သတိပေး ပြောကြားခဲ့ကြောင်း အယ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။
“တကယ်လို့ အမေရိကန်အနေနဲ့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံရဲ့ လက်ရှိ အခြေ အနေကို လေးစားလိုက်နာပြီး သူတို့ရဲ့ ရန်လိုတဲ့ မူဝါဒတွေကို ရုပ်သိမ်းမယ်ဆိုရင် အမေရိကန်နဲ့ သင့်တင့် လျောက် ပတ်စွာ မနေထိုင်နိုင်စရာ အကြောင်းမရှိပါဘူး”ဟု ကင်မ်က အာဏာရ အလုပ်သမားပါတီ ညီလာခံအပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ကင်မ်သည် ၎င်း၏ နျူကလီးယား လက်နက်တပ်ဆင်ထားသည့် စစ်တပ်ကို အင်အားဖြည့်တင်းရန် လက်နက် စနစ်သစ်များ တီထွင်ထုတ်လုပ်ရန်လည်း တိုက်တွန်းခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်း အေဂျင်စီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကင်မ်ဂျုံအန်နဲ့ကင်မ်ဂျူအဲကို တွေ့ရစဉ်
ကင်မ်သည် ရေအောက်မှ ပစ်လွှတ်နိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ (ICBM) နှင့် တောင်ကိုရီးယားကို ပစ်မှတ်ထားနိုင်သည့် လက်နက်ကြီးများနှင့် တာတိုပစ် ဒုံးပျံများကဲ့သို့ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်အင်အားကို တိုးချဲ့ရန် တိုက်တွန်းခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
ထို့ပြင် မကြာသေးမီ နှစ်များအတွင်း မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်များကို အရှိန် အဟုန်မြှင့် လုပ်ဆောင်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယားသည် နျူကလီးယား ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ထာဝရ ခိုင်မာသွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံ့အဆင့်အတန်းဟာ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့နဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်”ဟု ကင်မ်က ပြောကြားခဲ့ပြီး နျူကလီးယား လက်နက်များသည် နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားအတွက် အာမခံချက် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားစစ်ရေးပြနေစဉ်
နိုင်ငံတစ်ဝန်းမှ ပါတီကိုယ်စားလှယ် ၅၀၀၀ ခန့် တက်ရောက်ခဲ့သည့် ၅ နှစ် တစ်ကြိမ် ကျင်းပသော အလုပ်သမား ပါတီ ညီလာခံကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုံယမ်း (Pyongyang) မြို့တော်၌ စစ်ရေးပြ အခမ်းအနားဖြင့် အဆုံး သတ်ခဲ့ကြောင်း တောင်ကိုရီးယား၏ ယွန်ဟပ် (Yonhap) သတင်းမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာများ၏ စစ်ရေးပြ အခမ်းအနား ဓာတ်ပုံများတွင် မြောက်ကိုရီးယား စစ်သား များသည် မီးရောင်များ လင်းထိန်နေသည့် ကင်မ်အီဆွန်း ရင်ပြင် (Kim Il Sung Square ) ရှိ စင်မြင့်အောက်မှ ချီတက်နေကြပြီး ထိုစင်မြင့်ပေါ်တွင် ခေါင်းဆောင် ကင်မ်နှင့် ၎င်း၏သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) တို့သည် အဆင့်မြင့် အရာရှိကြီးများနှင့်အတူ စစ်ရေးပြ အခမ်းအနားကို ကြည့်ရှုနေပုံများကို တွေ့ရသည်။
စစ်ရေးပြပွဲတွင် ကင်မ်၏သမီး ကင်မ်ဂျူအဲ (Kim Ju Ae) ပါဝင်လာခြင်းကြောင့် ၎င်းကို ဖခင်၏ အရိုက်အရာ ဆက်ခံမည့်သူအဖြစ် လေ့ကျင့်ပေးနေခြင်း ဖြစ်နိုင်သည်ဆိုသည့် ခန့်မှန်းချက်များ ပိုမိုထွက်ပေါ်လာခဲ့သည်။
Source: အယ်ဂျားဇီးယား
