CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၇

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် အကျဉ်းထောင်မှ လွတ်မြောက် လာချိန်တွင် နိုင်ငံရေးလောကမှ အနားယူဖွယ်ရှိကြောင်း ၎င်း၏သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ဖေဖော်ဝါရီ ၂၆ ရက်၌ ပြောကြားခဲ့သည်။

ပေတုန်တန်သည် ဘန်ကောက်မြို့ ချာတူချက် (Chatuchak) ခရိုင်ရှိ ကလောင်ပရမ် ဗဟိုအကျဉ်းထောင် (Klongprem Central Prison) သို့ သွားရောက်ကာ သက်ဆင်နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ထိုအကျဉ်းထောင်မှ အပြန်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို သူမက ဖြေကြားခဲ့ခြင်းဖြစ်သည်။

သက်ဆင်သည် ယခုနှစ်အတွင်း ခံဝန်ဖြင့် လွတ်မြောက်လာပါက နိုင်ငံရေးလောကမှ နုတ်ထွက်ရန် ရှိ/မရှိ ဆိုသည့် မေးခွန်းအပေါ် ပေတုန်တန်က ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အဖေ အထဲမှာရှိနေတာ ၆ လ ရှိပါပြီ။ သူ (နိုင်ငံရေးကနေ) နားသင့်ပါပြီ။ သူ မနားဘူးဆိုတာကတော့ ဖြစ်နိုင်ခြေ နည်းပါတယ်” ဟု ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သည့် ပေတုန်တန်က ပြောကြားခဲ့သည်။

သက်ဆင်ကို တွေ့ရစဉ်

လာမည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် အသက် ၇၇ နှစ် ပြည့်တော့မည်ဖြစ်သော သက်ဆင်သည် မေလ၌ ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ရရှိရန် သတ်မှတ်ချက်နှင့် ပြည့်မီလိမ့်မည်ဟု အကျဉ်းဦးစီးဌာနက ယခုသီတင်းပတ်အတွင်း ထုတ်ပြန် ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မေလအတွင်း သက်ဆင်သည် ထောင်ဒဏ် ၁ နှစ် သက်တမ်း၏ ၃ ပုံ ၂ ပုံကို ကျခံပြီးဖြစ် သောကြောင့် ခံဝန်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သက်ဆင်သည် ၂၀၀၆ ခုနှစ် မတိုင်မီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်က အာဏာအလွဲသုံးစားလုပ်မှုနှင့် ပုဂ္ဂိုလ်ရေး အကျိုးစီးပွားနှင့် ရာထူးတာဝန်ကြား ရောထွေးယှက်နွှယ်မှုများဖြင့် တရားရုံးချုပ်က ထောင်ဒဏ်(၁)နှစ် ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၉ ရက်နေ့ကတည်းက အကျဉ်းထောင်အတွင်း ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုထောင်ဒဏ် ၁ နှစ်တာ ကာလအတွင်း  သက်ဆင်သည် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် ခြောက်လကြာ နေထိုင်ခဲ့သည့် ကာလကို ထောင်ဒဏ်ကျခံသည့် ကာလအဖြစ် တရားရုံးချုပ်က အသိအမှတ်မပြုခဲ့ပေ။

သက်ဆင်နဲ့မိသားစုကိုတွေ့ရစဉ်

သက်ဆင်သည် ပြည်ပတွင် ၁၅ နှစ်ကျော်ကြာ ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက် နေ့၌ ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဖြူးထိုင်းပါတီ၏ သြဇာကြီးမားသော ဘီလျံနာတစ်ဦးဖြစ်သည့် သက်ဆင်သည် ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိ ချိန်တွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသော်လည်း နောက်ပိုင်း၌ ထိုင်းဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ် ၁ နှစ်သို့ လျှော့ပေါ့ပေးခြင်း ခံခဲ့ရသည်။

သို့သော် သက်ဆင်သည် အကျဉ်းထောင်အတွင်း ၁ ရက် ပြည့်အောင်ပင် မနေခဲ့ရဘဲ ကျန်းမာရေး အခြေအနေ ကြောင့် ဘန်ကောက်အကျဉ်းထောင်မှ ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။

Source: ဘန်ကောက်ပို့စ်