CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)သည် အီရန်နိုင်ငံရှိ သတင်းပေးများ (အင်ဖော်မာများ) အား CIA နှင့် ဘေးကင်းလုံခြုံစွာ ဆက်သွယ်နိုင်မည့် နည်းလမ်းများကို ဖေဖော်ဝါရီ ၂၄ ရက်တွင် လူမှုမီဒီယာများပေါ်၌ ဖာရ်စီ (Farsi) ဘာသာစကားဖြင့် လမ်းညွှန်ချက်များ ထုတ်ပြန်ပြီး ကူညီပေးရန် ကမ်းလှမ်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ယခုကမ်းလှမ်းချက်သည် CIA နှင့် လုံခြုံစွာ ဆက်သွယ်နိုင်မည့် နည်းလမ်းများကို ဖာရ်စီ၊ ကိုရီးယား၊ ရုရှားနှင့် မန်ဒရင် ဘာသာစကားများဖြင့် ကမ်းလှမ်းခဲ့သော CIA ၏ လူသစ်စုဆောင်းရေး ကြော်ငြာများအနက် နောက်ဆုံး ကမ်းလှမ်းမှုဖြစ်သည်။

ဖေဖော်ဝါရီ ၂၅ ရက်က X၊ Instagram နှင့် YouTube လူမှုမီဒီယာများတွင် ဖာရ်စီဘာသာစကားဖြင့် တင်ခဲ့သည့် ပို့စ်သည် အမေရိကန်-အီရန် ဆက်ဆံရေး တင်းမာနေချိန်နှင့် အီရန်အစိုးရသည် ပြည်တွင်း၌ ဆန္ဒပြမှု အသစ်များ နှင့် ရင်ဆိုင်နေရချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

 အီရန်နိုင်ငံက အမျိုးသမီးများကို တွေ့ရစဉ်

အီရန်နှင့် တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ အမေရိကန်သည် ဆယ်စုနှစ်များစွာအတွင်း အရှေ့အလယ် ပိုင်းဒေသတွင် အကြီးမားဆုံး စစ်အင်အားကို ဖြန့်ကြက်ချထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဇန်နဝါရီလအတွင်းက အီရန်နိုင်ငံတွင် ဆန္ဒပြသူများ ကို ပြင်းထန်စွာ နှိမ်နင်းခဲ့သည့် အီရန်အစိုးရကို စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထို့နောက် အီရန်၏ အငြင်းပွားဖွယ် နျူကလီးယား စီမံကိန်းအပေါ် အာရုံပြောင်းလဲခဲ့ပြီး အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု ရယူရန် သတိပေးခဲ့သည်။

လူမှုမီဒီယာတွင် တင်ခဲ့သည့် CIA ၏ ဗီဒီယိုကို အင်္ဂလိပ်ဘာသာ ပြန်ဆိုချက်အရ "မင်္ဂလာပါ။ ဗဟိုထောက်လှမ်း ရေးအေဂျင်စီ (CIA) က သင့်စကားကို နားထောင်နေပြီး ကူညီပေးချင်ပါတယ်။ ကျွန်ုပ်တို့ဆီ လုံခြုံစိတ်ချရတဲ့ virtual ဖုန်းခေါ်ဆိုမှု (အင်တာနက်ဖြင့် အသံဖိုင်ပေးပို့ခြင်း၊ ဗီဒီယိုကော ပြောခြင်း) ပြုလုပ်နိုင်မယ့် အကြံပြုချက် အချို့ကို ဖော်ပြပေးလိုက်ရပါတယ်" ဟု ရေးသားထားသည်။

အီရန်နိုင်ငံအတွင်း တစ်နေရာကို တွေ့ရစဉ်

ဖာစီ (Farsi) ဘာသာစကားဖြင့် တင်ခဲ့သော အဆိုပါပို့စ် (ဗီဒီယိုဖိုင်) သည် အွန်လိုင်းတင်ပြီး နာရီပိုင်းအတွင်းမှာပင် ကြည့်ရှုသူ သန်းနှင့်ချီရှိခဲ့သည်။

CIA အနေဖြင့် နောက်ဆုံး ထုတ်ပြန်ထားသည့် အကြံပြုချက်များ သို့မဟုတ် ယခင် လူသစ်စုဆောင်းရေး ဗီဒီယို များကြောင့် ရရှိလာသော သတင်းမြစ်များအကြောင်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားမည် မဟုတ်သော်လည်း CIA ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် (John Ratcliffe) က ထိုကဲ့သို့ လူသစ်စုဆောင်းသည့် ပို့စ်များသည် ထိရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့နှစ်က CIA ရဲ့ မန်ဒရင်း ဘာသာစကားနဲ့ တင်ခဲ့တဲ့ လူသစ်စုဆောင်းရေး ပို့စ်ဟာ တရုတ်နိုင်ငံသား အများ အပြား ဆီကို ရောက်ရှိခဲ့ပါတယ်။ သူတို့ရဲ့ လူနေမှုဘဝ တိုးတက်ဖို့နဲ့ သူတို့နိုင်ငံကို ပိုမိုကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲဖို့ နည်းလမ်း ရှာဖွေနေသူတွေ အများကြီး ရှိနေတာကိုလည်း ကျနော်တို့ သိခဲ့ရပါတယ်” ဟု ရက်ကလစ်ဖ် (Ratcliffe) က ပြောကြားခဲ့သည်။

Source: အေပီ