CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၏ ခေါင်းဆောင် ဗိုလ်နဂါးနှင့် ဒုတိယအဖွဲ့ ခေါင်းဆောင် အပါအဝင် ၅ ဦးတို့ တပ်မတော်ထံ လက်နက်ချ အလင်းဝင်သွားမှုကြောင့် တော်လှန်ရေး ဘာဆက်ဖြစ်နိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။

ဗိုလ်နဂါး တစ်ဦးတစ်ယောက်တည်း လက်နက်ချသွားသည်နှင့် တော်လှန်ရေး ယိုင်လဲသွားရန် မဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျမတို့ တော်လှန်ရေးကတော့ ဆက်သွားနေမှာပဲလေ။ တော်လှန်ရေးတစ်ရပ်မှာ အားနည်းချက် အား ကောင်းချက်တွေ ရှိတယ်။ အတက်အကျတွေရှိတယ်။ ဥပမာအားဖြင့် အခု ကျမတို့ စည်းလုံးညီညွတ်ရေး ရုတ်တရက် ပြတ်သွားတယ်ဆိုရင် ဘာကြောင့် ပြတ်ရလဲဆိုတာ သေချာ စုံစမ်းရမယ်၊ စစ်ဆေးရမယ်။ ပြီးရင် ကျမ တို့ ပြန်တည့်မတ်ရမှာပေါ့။ ဗိုလ်နဂါး တစ်ယောက် လက်နက်ချသွားတာနဲ့ ကျမတို့ တော်လှန်ရေးကြီး ဒယိမ်းဒယိုင် ဖြစ်သွားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးတစ်ရပ်ဟာ လူတစ်ယောက်အပေါ်မှာ မူတည်တာ မဟုတ်ဘူးလေ။ အဖွဲ့အစည်းတစ်ရပ် အ‌ပေါ်မှာလည်း မူတည်တာ မဟုတ်ဘူး။ ပြည်သူလူထုကြီးက ဒီစစ်တပ်အပေါ်မှာ သိပ်ပြတ်သား နေသရွေ့၊ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ဆိုတာ အဲဒီဟာကြီး ပြတ်သားနေသရွေ့ တော်လှန်ရေးက အရှိန်မပြတ် ဆက်သွားနေမှာပဲ။ အတက်အကျ၊ အနိမ့်အမြင့်  ရှိနိုင်တာပေါ့” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေကိုတွေ့ရစဉ်

ဖေဖော်ဝါရီ ၁၈ ရက်နေ့က BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါး နှင့် ၎င်း၏ မိသားစုဝင်များ၊ ဖေဖော်ဝါရီ ၂၀ ရက်က ဒုတိယအဖွဲ့ ခေါင်းဆောင် အပါအဝင် ၅ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာကြောင်း နေပြည်တော်က သတင်းထုတ်ပြန်ထားသည်။

ဗိုလ်နဂါးသည် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပေါ်ပေါက်လာသည့် နွေဦး တော်လှန်ရေးတွင် ၅ နှစ်ကြာ လက်နက်ကိုင်တော်လှန်ခဲ့သူဖြစ်ပြီး ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့ကာ ၂၀၂၂ ခုနှစ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) သို့ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်တွင် MRDA မှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ဖွဲ့စည်းခဲ့ကာ NUG ၏ လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်နေသည့် တော်လှန်ရေးအဖွဲ့ အနေဖြင့်ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အတွင်း လှုပ်ရှားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းသည် တိုင်းဒေသကြီး ၇ ခုထဲတွင် အကျယ်ဆုံး တိုင်းတစ်ခုဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့ဖြင့် ဝန်းရံထားခြင်း ဖြစ်သည်။

လက်ရှိ မြန်မာ့တော်လှန်ရေး အခင်းအကျင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs) အပါအဝင် အခြား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ရေး အပြိုင် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

NUG-MOD ဝန်ကြီး ဦးရည်မွန်ကို တွေ့ရစဉ်

နွေဦးတော်လှန်ရေး စတင်ချိန်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက်လာကာ ရှေ့ဆက်သွား ကြသည့် အခါ ခိုင်မာတိကျသောလမ်းစဉ် ရှင်းလင်းပြတ်သားမှုမရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် NUG-PDF များအနေဖြင့် ထိုလမ်းစဉ်အတိုင်း ဆက်သွားနေမည်ဆိုပါက တစ်ချိန်ကျလျှင် ပျောက်ကွယ် သွားရန်ရှိကြောင်း ၎င်းက ပြောသည်။

ဦးသိန်းထွန်းဦးက “ဒါက ဟိုးတုန်းကတည်းကလည်း ကျနော်တို့ ပြောခဲ့ပြီးပြီ။ စကတည်းက သန္ဓေတည် ထားတဲ့ မမှန်တဲ့ လမ်းကြောင်းမျိုးမှာ NUG-PDF ကတော့ သွားစရာ ဆက်ပြီးတော့ အောင်မြင်စရာ အကြောင်းတော့ မရှိပါ ဘူး။ တစ်ချိန်ကြရင်တော့ သူတို့ ဒီလိုပဲ ပျောက်ကွယ်သွားမယ်လို့ ကျနော်တို့ ပြောထားခဲ့ပြီးသားဖြစ်တယ်။ ဒီကြား ထဲမှာမှ ခုနကပြောသလိုပဲ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံစားချက် အယူအဆနဲ့ တော်လှန်ရေးဆိုတာမျိုး လုပ်ခဲ့ကြတဲ့ လူတွေ ကြတော့လည်း သူ့ဘာသာသူ ပြန်ပြီးတော့ သူသွားနေတဲ့ လမ်းကြောင်း မှန်လား၊ မှားလား ပြန်လည် ဆင်ခြင် သုံးသပ်နိုင်တဲ့ အခါမျိုးမှာ အလင်းဝင် လာတာမျိုး ရှိတာပေါ့။ လိုရင်းတိုရှင်း ပြောရရင်တော့ မှန်ကန်မှုမရှိတဲ့ ideology အပိုင်းပေါ့။ အတွေးအခေါ် မရှိဘူး။ မူဝါဒ ကောင်းကောင်းမရှိဘူး။ ဒါမျိုးတွေ ကျိုးပျက်နေတဲ့ လမ်းစဉ် တွေကတော့ တချိန်ချိန်ကျရင် သူတို့ မှန်ကန်တဲ့ ဘက်တစ်ဘက်ကို ရွေးရမှာပေါ့။ NUG-PDF သည်လည်း ခုနက အတိုင်းပဲ မှားယွင်းတဲ့ လမ်းစဉ်ကို ဆက်လက် ဆုပ်ကိုင်ပြီးတော့ ဒီတိုင်း နေဦးမယ်ဆိုရင်တော့ သူတို့လည်း တစ်ချိန်ကျရင်တော့ ပျောက်ကွယ်သွားဖို့ရှိပါလိမ့်မယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားပြီးနောက် ယခင်ကတည်းက ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသာမက နွေဦးတော်လှန်ရေးနှင့်အတူ မြန်မာပြည်အနှံ့တွင် လက်နက်ကိုင် အင်အားများစွာ ထပ်မံ ပေါ်ပေါက်လာသည်။

BNRA မှ ဗိုလ်နဂါးနှင့် ရဲဘော်များ အလင်းဝင်သွားသကဲ့သို့ “နဂါးနှင့် မြေပြင်တွင် လုပ်ရပ် တစ်ပုံစံတည်း တူသည့် အဖွဲ့တစ်ဖွဲ့ရှိသေးကြောင်း၊ ထိုအခြေအနေကို PLA (ကွန်မြူနစ်)က သက်သေပြမည်”ဟု NUG လက်အောက်မှ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၉ တပ်ရင်းမှူး ဖိုးရှုပ်က သူ၏ လူမှုကွန်ရက်မှာ ရေးသားခဲ့သည်။