CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့(TNLA-MNDAA-AA)အနေဖြင့် ယခင်ကလို ပူးပေါင်း၍ တွေဆုံဆွေးနွေးမှုများ မပြုလုပ်တော့ဘဲ တစ်ဖွဲ့ချင်းစီအလိုက် သီးခြားတွေ့ဆုံဆွေးနွေးနေခြင်းနှင့် ထုတ်ပြန်ချက်များ ထုတ်ပြန်နေမှုများ သည် ထူးခြားနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များအကြား သုံးသပ်ဆွေးနွေးလျက်ရှိနေကြသည်။

ယခင်က ထုတ်ပြန်ချက်များ ထုတ်ပြန်သည့် အခါတွင်လည်းကောင်း၊ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည့် အခါတွင် လည်းကောင်း မြောက်ပိုင်းအဖွဲ့သည် ၃ ဖွဲ့ပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ယခုလက်ရှိတွင် တစ်ဖွဲ့ချင်းစီ သာ သီးခြား လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

ထိုအခင်းအကျင်းမှာ ထူးခြားချက်ဖြစ်နေပြီး အပစ်ရပ်ဆွေးနွေးသည့် ကိုးကန့်တပ်မှလွဲ၍ ကျန်အဖွဲ့များနှင့် ပတ်သက်ပြီး တရုတ်ဘက်မှ မည်သို့သော အကြောင်းအရာများအား သိရှိထားသလဲဟု မေးခွန်းထုတ်စရာ ရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

 မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ခေါင်းဆောင်ကို တွေ့ရစဉ်

ဦးသိန်းထွန်းဦးက “အားလုံးအရင်တုန်းက နားလည်ထားကြတာက Northern Alliance (‌မြောက်ပိုင်းမဟာမိတ်) ဆိုတာက MNDAA, TNLA, AA ၃ ဖွဲ့ပေါင်းကို။ ဒီတစ်ခါ အပစ်ခတ်ရပ်စဲဖို့ ဆွေးနွေးချိန်မှာ MNDAA တစ်ဖွဲ့တည်းပဲ ဖြစ်သွားတဲ့ အခါကြတော့ ကျန်တဲ့ ၂ ဖွဲ့နဲ့ ပတ်သက်လို့ ကြားထဲက ကမကထလုပ်နေတဲ့ တရုတ်အနေနဲ့ ဘာတွေ သိထားလို့လဲ၊ ဘာတွေကြားထားလို့လဲ။ ဒီဖက်ကရော အဲဒီဖက်နဲ့ ဆွေးနွေးနိုင်မယ့် အနေအထားရှိလား၊ မရှိလား ဆိုတာ စောင့်ကြည့်ရမယ်။ အရင်တုန်းကဆိုရင် Northern Alliance (‌မြောက်ပိုင်းမဟာမိတ်) ဆိုပြီးတော့ အဖွဲ့စုံ စာတွေ ထုတ်ကြတာရှိတယ်။ အခုကတော့ အဲဒီလို သိပ်မတွေ့ဘဲ တစ်ဖွဲ့ချင်းစီပဲ သီးသန့်ထုတ်ပြန်တာမျိုး တွေ့ တော့ ဒါလည်း နည်းနည်း ထူးခြားတဲ့အချက်ပေါ့” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့မှာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ အာရက္ခတပ်တော် ULA/AA တို့ ပူးပေါင်းဖွဲ့စည်းထားကြခြင်း ဖြစ်သည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးကိုလည်း အတူတကွ ဖော်ဆောင်ခဲ့ကြကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးနှင့် လောက်ကိုင် အပါအဝင် နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ကြခြင်းဖြစ်သည်။

တစ်ဖွဲ့ချင်းစီ၏ နေရာဒေသများတွင်လည်း တိုက်ပွဲများဖော်ဆောင်၍ နယ်မြေများကို တိုက်ခိုက်သိမ်းပိုက် ထားနိုင်ကြခြင်းဖြစ်သည့်အလျောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနေဖြင့် မဟုတ်ဘဲ တစ်ဖွဲ့ချင်းစီ အနေဖြင့်သာ အသီးသီး ထုတ်ပြန်ထားကြခြင်းဖြစ်သည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် နေရာဒေသ ကွာခြားသည့်အတွက် ဖြစ်နိုင်သကဲ့သို့ နစကဘက်မှ ၃ ဖွဲ့ပေါင်း မဆွေးနွေးနိုင်သည့်အတွက် တစ်ဖွဲ့ချင်းစီခွဲ၍ တွေ့ဆုံခြင်းဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ‌‌ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်နဲ့ မြန်မာ့တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကို တွေ့ရစဉ်

ဒေါက်တာလှကျော်ဇောက “အဓိကက သူတို့ရည်ရွယ်ချက်ကတော့ မပြတ်ဘူး။ ဒါပေမယ့် နေရာဒေသကွာတာ ကြောင့် နေရာဒေသအလိုက် ထုတ်ပြန်ရတယ်ထင်တယ်။ နောက်တစ်ခုက ဒီလိုဖြစ်နိုင်တယ် စကစ-က ၃ ဖွဲ့ ပေါင်းပြီး မဆွေးနွေးနိုင်ဘူးလို့ အတင်းငြင်းနေလို့ တစ်ဖွဲ့ချင်း ခွဲတွေ့တာလို့လည်း ကြားတယ်။ ဘယ်ဟာမှန်လဲ တော့ မသိဘူး။ ဒါပေမယ့် ကျမ ကြည့်တာတော့ သူတို့‌ရထားတဲ့ နေရာတွေလည်း မတူဘူး။ ရထားတဲ့အဆင့်တွေ လည်း မတူဘူး။ လုပ်ရကိုင်ရတဲ့ အဆင့်တွေလည်း မတူတော့ သီးခြားတွေ ဖြစ်ကုန်တယ်ထင်တယ်။ အစကတည်း က သူတို့ ၃ ခုပေါင်းထားတာ တူတာတွဲလုပ်မယ်၊ မတူတာ ခွဲလုပ်မယ်ဆိုတာ တပ်ပေါင်းစု ပေါ်လစီနဲ့လုပ်တဲ့ အခါ ကြတော့ ကိုယ့်ဒေသကိုယ် အုပ်ချုပ်ရေးခိုင်မာအောင် တည်ငြိမ်အောင် လုပ်စရာရှိတာ ကိုယ့်ဟာနဲ့ကိုယ်ပဲ လုပ် လိုက် ကြတယ်ထင်တယ်။ ရည်မှန်းချက်ကြီး တစ်ခုလုံးကတော့ တူကောင်းတူနိုင်တာပေါ့။ ဒါပေမယ့် အခိုင်အမာ လက်တွေ့လုပ်ငန်း တွေကြ‌တော့ သီးခြားစီ ဖြစ်လိမ့်မယ်ထင်တယ်။ ဒါကြောင့် သီးခြားကြေညာတာ ဖြစ်လိမ့်မယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA သည်  ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကာလထက် နှစ်ပတ်ကျော်ကျော် နောက်ကျသည့်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်မှာ စစ်ရေး ဖော်ဆောင်၍ မြို့နယ် ၁၄ မြို့နယ် နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့ကို သိမ်းပိုက်ထားသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့်   မြန်မာ့တပ်မတော်နှင့် တရုတ်နိုင်ငံတွင် ပြုလုပ်သည့် တတိယအကြိမ် ဆွေးနွေးမှုမှတဆင့် ဖြစ်ပေါ်လာသည့် ဟိုင်ဂင်သဘောတူညီချက်ဖြင့် ရှမ်းမြောက် တွင် ယာယီအပစ်ရပ်ရန်  သဘောတူလိုက်ကြပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီမှစ၍  ယာယီ အပစ်ရပ်ခဲ့ကြသည်။

သို့သော် ဇွန်လတွင် မြန်မာ့တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည့်အတွက် ဟိုင်ဂင် သဘောတူညီချက်ပျက်ကာ တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားခဲ့ကြသည်။

လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် မြန်မာ့တပ်မတော်ကြား ယာယီအပစ်ရပ်စဲထားပြီး ကျန်တပ်ဖွဲ့များဖြစ် သည့် TNLA, AA တို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသလို တွေ့ဆုံဆွေးနွေးကြရန်လည်း ညှိနှိုင်းနေကြောင်း သိရသည်။