CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀

အမေရိကန်သည် နိုင်ငံတကာအကူအညီ‌ပေးရေး စီမံကိန်းများအား ဆိုင်းငံ့လိုက်သော်လည်း မြန်မာ့နိုင်ငံရေးမှာ တရုတ်၏ လွှမ်းမိုးမှုများ ပိုမိုမဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာန သို့ ပြောသည်။

ဒေါ်နယ်ထရမ့် အစိုးရသည် အမေရိကန်မှ နိုင်ငံတကာအား အကူအညီပေးသည့် ဖွံ့ဖြိုးရေးစီမံကိန်း အားလုံးနီးပါး အတွက် အသုံးစရိတ်များကို ပြန်လည်သုံးသပ်မှာဖြစ်၍ ထိုစီမံကိန်းများအား ထောက်ပံ့ပေးမှုကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်တကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID )၏ ထောက်ပံ့မှုကို ရယူနေသည့် သတင်းမီဒီယာ လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုဆိုင်ရာနှင့် ဒုက္ခသည် အကူအညီပေးရေး လုပ်ငန်းများ အတွက်  ထောက်ပံ့ငွေများလည်း ဆိုင်းငံ့ခံရသည့် အထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာပြည်လာစဉ်က ကြိုဆိုကြစဉ်

အမေရိကန်၏ အကူညီပေးရေး စီမံကိန်းများ ဆိုင်းငံ့ခြင်းသည် လူထုအတွက် ပိုမိုဆိုးရွားသည့် ထိခိုက်နစ်နာမှုများ ကြုံရနိုင်သော်လည်း တရုတ်အနေဖြင့် ပိုမိုစိုးမိုးလာနိုင်စရာ အကြောင်းမရှိဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “အမေရိကန်ကလည်း သမ္မတ ဒေါ်နယ်ထရမ့် သူက သူ့စီးပွားရေးကို ကိုယ်စားပြုပြီးတော့ လုပ်ဆောင်ရေးဆိုတဲ့ခါမှာ အမေရိကန်က ပေးနေတဲ့ နိုင်ငံတကာ အကူအညီတွေကို ၃ လရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက် ထွက်လာလို့ပါ၊ အဲတော့ ခုကျောင်းတက်နေတဲ့ လူငယ်တွေတောင်မှ တော်တော်ဒုက္ခရောက်သွားပြီဗျ၊ အလားတူပဲ ဒုက္ခသည် စခန်းတွေလည်း တော်တော်လေး ရိက္ခာပြတ်တောက်တာ ဘာညာတွေ အများကြီး ဖြစ်နိုင်တာပေါ့ဗျာ၊ ကျ‌နော်တို့ တိုင်းပြည်က လူထုရရှိထားတဲ့ အမေရိကန်နိုင်ငံက ပေးတဲ့အခွင့်အလမ်းတွေတော့ ဆုံးရှုံးသွားတာပေါ့ ဗျာ၊ ဒီဟာကို အကြောင်းပြုပြီး တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုက ပိုပြီးဆိုးလိမ့်မယ်လို့ ယူဆတဲ့ အယူအဆကတော့ တစ်လိုင်းစီဖြစ်တယ်လို့ ကျ‌နော်တော့ သုံးသပ်ပါတယ်၊ အမေရိကန်နဲ့ အနောက်ဥရောပက နွေဦးတော်လှန်ရေးကို ကျောခိုင်းလစ်လျူရှု ထားခဲ့ရာကနေပြီးတော့ အခုကတော့ သက်သာချောင်ချိရေးအတွက် လူထုအတွက် ပေးနေ တဲ့ အကူအညီတွေပါ ဖြတ်ခံရတယ်ဆိုတဲ့ အခါကျတော့ လူထုအတွက်တော့ ပိုမိုဆိုးရွားတဲ့ ထိခိုက်နစ်နာမှုတွေ ကြုံရတာပေါ့၊ ဒါပေမယ့် အဲလိုဖြစ်လို့ တရုတ်က ကျနော်တို့အပေါ်မှာ ပိုပြီးစိုးမိုးလာနိုင်စရာ အကြောင်းမရှိပါဘူး၊ မရှိတဲ့အကြောင်းကတော့ နွေဦးတော်လှန်ရေးကို တစ်ပြည်လုံးက ဆင်နွှဲနေတဲ့အတွက် ဘာပဲဖြစ်ဖြစ် တရုတ်ရဲ့ စီမံကိန်း ရှေ့မတိုးနိုင်‌အောင် ပြည်သူတွေက ခုခံကာကွယ်ထားတဲ့သဘော ဖြစ်နေတဲ့အတွက် အခြေအနေကတော့ ပိုဆိုးမလာနိုင်ဘူးလို့ ကျနော်ယူဆတဲ့အကြောင်း သုံးသပ်ပြတာပါ”ဟု ပြောသည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင် ပြည်ပနိုင်ငံများအား ဖွံ့ဖြိုးရေးအကူအညီ အများဆုံးပေးနေသည့် နိုင်ငံဖြစ်ပြီး အစ္စရေးနှင့်အီဂျစ်အား ပေးနေသည့် စစ်ရေးအကူအညီကလွဲ၍ လက်ရှိပေးနေသော ထောက်ပံ့ကူညီမှု အားလုံးနှင့် နောက်ထပ်ပေးမည့် အကူအညီအားလုံးကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့သည်။

ဒုက္ခသည်စခန်းက ကလေးငယ်များကို တွေ့ရစဉ်

အမေရိကန်က IRC အားပေးသည့် အထောက်အပံ့များအား ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားသဖြင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ရပ်နားထားကြောင်း သိရသည်။

ထို့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ကြောင့် အကူအညီများ ရပ်တန့်ခဲ့သည့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများအား ထိုင်းအစိုးရက ပံ့ပိုးမည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Thepsutin က ပြောကြားခဲ့သည်။

အမေရိကန်သည် သူ့ပေါ်လစီနှင့်သူဖြစ်ပြီး တရုတ်စိုးမိုးမှု ပိုဖြစ်လာနိုင်ခြင်းက မသက်ဆိုင်ကြောင်း ၊ တရုတ်သည် သူ့အကျိုးစီးပွားအတွက် ဘာမဆိုလုပ်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဦးကြီးမြင့်က “ကျ‌နော်ကတော့ မဆိုင်ဘူးလို့မြင်ရတယ်၊ အဲတာသီးခြားပဲ။ အမေရိကန်က သူ့ပေါ်လစီနဲ့သူ ထရမ့် ကတော့ တော်တော်ကြီးကို နားမလည်နိုင်လောက်အောင် ကမ္ဘာကြီးအ‌ပေါ်မှာ သူ့ဆက်ဆံရေးတွေက ရပ်ကွက်ထဲ မှာ ဆိုရင်တော့ ဘယ်သူ့မှ ဂရုမစိုက်ဘူးကွာဆိုတဲ့ သဘောမျိုးတော့ ဖြစ်တာပေါ့ဗျာ၊ အဲလိုပဲ မြင်ပါတယ်။ အ‌မေရိကန်အစိုးရပဲ အပြစ်ပုံလို့ မရဘူး၊ ကျနော်တို့ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရအပေါ်မှာလည်း တာဝန် မကင်းဘူး၊ သူကစစ်မှုထမ်းတွေ အတင်းစု၊ ၅၀၅ တွေထုတ် အဲလိုမှာ လူတွေက ကြောက်လန့်ပြီး ပြေးကြရတာဗျ၊ အဲတာကိုသွားသူများကို အပြစ်တင်လို့မရဘူး၊ အိမ်တစ်အိမ်မှာ မိသားစု အိမ်ထောင်ဦးစီးက မူးရူးလာ ရိုက်၊ မကြားဝံ့မနာသာတွေပြော၊ အိမ်နားနီးချင်းလည်း ဂရုမစိုက် သားတွေသမီးတွေက အချို့အရွယ်‌ရောက်တဲ့ ကောင်တွေက ထွက်ပြေးကြရတာပေါ့ဗျာ ရောက်ရာပေါက်ရာပေါ့၊ အဲဒီပုံစံလည်း ဖြစ်တယ်ဗျ၊ အဲတာလည်း ထည့်တွက်ပါဦးနော်၊ တရုတ်ကတော့ သူ့အကျိုးစီးပွားအတွက် ဘာမဆိုလုပ်မှာပဲဗျ၊ အဲတာအချုပ်ပဲနော်” ဟု ပြောသည်။

အမေရိကန်အစိုးရသည် ပြည်ပနိုင်ငံများအား ပေးနေသည့် အကူအညီများ ယာယီဆိုင်းငံ့ လိုက်သော်လည်း အရေးပေါ် စာနာမှုဆိုင်ရာ အကူအညီများကိုတော့ ခြွင်းချက်အနေဖြင့် ခွင့်ပြုသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောကြားထားသည်။