CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂

လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းကျင်းများကြားထဲ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံက ဘယ်လောက်အထိ အရေးပါ နေသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများ ရှိနေကြသည်။

ဗင်နီဇွဲလား ရေနံပိုက်လိုင်းများနှင့် မလက္ကာရေလက်ကြားတို့ကို အမေရိကန်က ဝင်ရောက်ထိန်းချုပ် လွှမ်းမိုးထား နိုင်မှုသည် ကမ္ဘာ့ဘဏ္ဍာရေး၊ စွမ်းအင်လုံခြုံရေးနှင့် ပထဝီနိုင်ငံရေး မဟာဗျူဟာများတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

တရုတ်၏ အဓိက အားနည်းချက် တစ်ခုသည် ၎င်းတို့ တင်သွင်းနေတဲ့ အရှေ့အလယ်ပိုင်းက ရေနံနှင့် စွမ်းအင် အများစုမှာ မလက္ကာရေလက်ကြားကို ဖြတ်သန်းရခြင်း ဖြစ်သည်။

ထို့အခြေအနေများကြား မြန်မာနိုင်ငံသည် တရုတ်အတွက် မလက္ကာရေလက်ကြားကို အသုံးမပြုဘဲ အိန္ဒိယ သမုဒ္ဒရာ (ဘင်္ဂလားပင်လယ်အော်) ထဲသို့ တိုက်ရိုက်ဆင်းနိုင်မည့် ကုန်းတွင်းဖြတ်လမ်း ဖြစ်နေသည်။

တရုတ်၏ စွမ်းအင် လုံခြုံရေး တည်ဆောက်သည့် နေရာတွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

၎င်းက “US နဲ့က အဓိကသူတို့က ထိုင်ဝမ်ကိစ္စကို စကားပြောခဲ့တာ။ တခြားဟာတွေက ဒီလောက် မဟုတ်ဘူး။ တခြား စီးပွားရေး အခွင့်အလမ်းတွေ အပြန်အလှန်၊ တကယ့် အရေးကြီးတဲ့ အဆုံးအဖြတ်က ထိုင်ဝမ်ကိစ္စကို သူတို့ စကားပြောတာ။ ဒီလိုပဲ ရုရှားက ပူတင်က အခု ပေကျင်းကို လာတယ်၊ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ တယ်ဆိုတဲ့ဟာက လည်း အဓိက,က တခြားကိစ္စတွေထက် ခုနက Power of Siberia 2 ဆိုတဲ့ အဲဒီရေနံ ပိုက်လိုင်း တည်ဆောက်မှု ကို အဓိက ဆွေးနွေးတာ။ စွမ်းအင်လုံခြုံရေးအတွက် တရုတ်က ပွင့်ပွင့်လင်းလင်း ပြောရရင် CNG ကို ဓာတ်ငွေ့ ရည်ကို ရုရှားကနေ သူတို့ယူဖို့ပြင်တာပေါ့။ ရုရှားကလည်း ဥရောပဈေးကွက် ပျက်ပြီးနောက်ပိုင်း တရုတ်ကို အဓိကထား ရောင်းဖို့အတွက် ပြင်ဆင်လာတာ။ အဲဒီလို ဆက်စပ်မှုတွေက သူ့ပြင်ဆင်ချက်တွေက သူ့ရဲ့စွမ်းအင် လုံခြုံရေးအတွက် ပြင်ဆင်တဲ့နေရာမှာ ပူတင် လာတာက အဓိက အဲဒီအတွက် သူကလုပ်တယ်။ လုပ်တယ်ဆိုတဲ့ အခါကြတော့ ကျနော်တို့ မြင်တာက ကျနော်တို့ တိုင်းပြည်မှာလည်း ဒီလိုပဲ M-10 မှာပေါ့နော်။ M-15 နဲ့ M-10 မှာ ၂၀၂၇ မှာ အပြီးသတ် သဘာဝဓာတ်ငွေ့ ထုတ်ဖို့ရှိတယ်။ ထရီလျံနဲ့ချီတဲ့ ကမ္ဘာမှာ ဒုတိယ ဓာတ်ငွေ့ပိုက်လိုင်း။ ကျနော်တို့ ဒီ ထားဝယ်နားမှာလည်း ထုတ်ဖို့ရှိတယ်။ အဲဒါက ဆက်စပ်နေတယ်။ ဘန်ကောက်-ကူမင်း ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းထဲကို ဝင်လို့ရတယ်။ အဲဒီတော့ တရုတ်သူ့ရဲ့ စွမ်းအင် လိုအပ်ချက်ကို စွမ်းအင် လုံခြုံရေး တည်ဆောက်တဲ့ နေရာမှာ မြန်မာက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါနေတယ်။ ပါနေတော့ ဒီ geopolitics Bipolarization မှာ US-China သူတို့ ပြိုင်ဆိုင်မှုမှာလည်း မြန်မာက တရုတ်နဲ့ ဆက်စပ်တဲ့ ဝန်းကျင်ဆက်စပ်မှုမှာ ပါဝင်ပြီးတော့မှ ကမ္ဘာ့စင်မြင့်မှာ အရေးပါတဲ့ အခန်းကဏ္ဍအနေနဲ့ ရောက်လာတာကို တွေ့ရတယ်။ စွမ်းအင် လုံခြုံရေးဆိုင်ရာမှာလည်း ထားဝယ်နားက M-15 ရဲ့ သဘာဝဓာတ်ငွေ့ ထုတ်မယ့်ကိစ္စက အရေးပါသလို ကျောက်ဖြူက ရေနံပိုက်လိုင်းပေါ့။ ကျောက်ဖြူ-ကူမင်းပိုက်လိုင်းကိစ္စကလည်း ရှေ့ဆုံးမှာရှိနေတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာမြောက် လုံခြုံရေးအရ အသက် သွေးကြောသဖွယ် အလွန်အရေးပါသော နေရာမှာ တည်ရှိနေပြီး ကမ္ဘာ့အခင်းအကျင်းနှင့် အင်အားကြီး နိုင်ငံများ ကြား ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်၌ မြန်မာနိုင်ငံ၏ အရေးပါမှုသည် တရုတ်အတွက် ပိုမိုမြင့်တက်လာသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တရုတ်၏ နိုင်ငံရေး အတက်အကျနှင့် လှုပ်ရှားမှုများ အားလုံးသည် မြန်မာအပေါ် သွယ်ဝိုက်၍ ဂယက်ရိုက်စေ သော်လည်း တရုတ်၏ စွမ်းအင်လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ အခင်းအကျင်းသည် အမေရိကန်နှင့် ယှဉ်ပြိုင်သည့် နေရာများတွင် မြန်မာနိုင်ငံသည် မဖြစ်မနေ ပါနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လ က CNI သတင်းဌာနသို့ ပြောသည်။

အမေရိကန်-တရုတ် မဟာဗျူဟာ အခင်းအကျင်းနဲ့ မြန်မာရဲ့ အရေးပါမှုကို တွေ့ရစဉ်

၎င်းက “တရုတ်ရဲ့ နိုင်ငံရေးအတက်အကျ၊ နိုင်ငံရေး လှုပ်ရှားမှုတွေ အားလုံးသည် မြန်မာအပေါ်မှာ သွယ်ဝိုက်ပြီးမှ လာပြီး ဂယက်ရိုက်နေတာပါ။ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တည်ဆောက်ပြီးတော့ အခု ကျောက်ဖြူ ရေနက်ဆိပ်ကမ်း deep port sea ပေါ့။ ကျနော်တို့ မြန်မာ နိုင်ငံမှာဆိုရင် ကျောက်ဖြူနဲ့ ထားဝယ် ၂ ခု ရှိတယ်။ အခွင့်အလမ်း သိပ်ကောင်းတယ်။ Malacca strait ရဲ့ အပြင်ဘက်မှာ။ အဲဒီတော့ Malacca strait အကျပ် အတည်း ဖြစ်ခဲ့ရင် ဒုတိယ Alternative Option ပေါ့နော်။ ဒုတိယ အခွင့်အလမ်း အနေနဲ့ ကျောက်ဖြူ၊ ထားဝယ် ကို သုံးလို့ရတယ်။ အဓိက,က ကျောက်ဖြူပေါ့။ အဲဒီလို လုပ်ထားပေမယ့် အခု ကမ္ဘာ့အရေးအခင်းမှာ ဘယ်လို ပြန် ဖြစ်လာလဲဆိုတော့ ဘင်္ဂလားဒေ့ရှ် Matarbari Deep-Sea Port မှာ အမေရိကန်တွေ ဝင်လာတဲ့ဟာက မြန်မာနိုင်ငံ ရဲ့ ကျောက်ဖြူ Deep-Sea Port ကို ရေနက်ဆိပ်ကမ်းကို သွယ်ဝိုက်ဖိအားပေးမှုတွေ ပေါ်ပေါက်လာတာ။ အဲဒီတော့ တရုတ်ရဲ့ စွမ်းအင်လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ အခင်းအကျင်းမှာ မြန်မာက automatic ပါနေတယ်။ ရှောင်လွှဲ လို့လည်း မရဘူး။ အထူးသဖြင့် Bipolarization မှာ US နဲ့ ယှဉ်ပြိုင်တဲ့ နေရာမှာလည်း မဖြစ်မနေ ပါနေတယ်။ အဲဒီ နေရာမှာ ဒီဟာကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့တော့ လိုတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

မြန်မာ့ကမ်းလွန်မှ ရခိုင်ပြည်နယ် ကျောက်ဖြူ ထိုမှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထား သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် မရှိမဖြစ် အရေးပါသော မဟာဗျူဟာမြောက် အခြေခံ အဆောက်အအုံ ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ BRI စီမံကိန်းကြီး၌ မြန်မာနိုင်ငံသည် အချက်အချာကျသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။

ကမ္ဘာ့အခင်းအကျင်းတွင် အမေရိကန်က ၎င်း၏ မဟာမိတ်များဖြစ်သည့် အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျတို့နှင့် ပူးပေါင်းပြီး အင်ဒို-ပစိဖိတ် မဟာဗျူဟာ (Indo-Pacific Strategy) နှင့် တရုတ်ကို ပိတ်ဆို့ရန် ကြိုးစားလျက် ရှိသည်။

မြန်မာနိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု အခိုင်အမာ ရှိနေခြင်းသည် အမေရိကန် ပိတ်ဆို့မှုကို ကာကွယ်ရာ ရောက်သကဲ့သို့ ဒေသတွင်း ပြိုင်ဘက်ဖြစ်သည့် အိန္ဒိယနိုင်ငံကိုလည်း ရှေ့တန်း စစ်မျက်နှာကနေ အနီးကပ် တန်ပြန် ထိန်းညှိပြီးသား ဖြစ်စေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။