CNI International News
နယူးဒေလီ၊ ဇွန်လ ၂၄
အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီး ပထဝီနိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု၊ ရေနံစိမ်း ဈေးနှုန်းများ မြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမည့် အလားအလာများ ရှိနေချိန်တွင် အိန္ဒိယ၏ စတော့ရှယ်ယာ ဈေးကွက်၌ ရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့သည်ဟု The New Indian Express သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြ ခဲ့သည်။
သေချာရေရာမှုမရှိသည့် စီးပွားရေး အခြေအနေကြောင့် ရင်းနှီးမြှုပ်နှံသူများသည် စတော့ရှယ်ယာများထက် ပိုမို စိတ်ချရသည့် ရွှေနှင့် အိမ်ခြံမြေကဲ့သို့ အရှုံးမပေါ်နိုင်သော ကဏ္ဍများတွင်သာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာ ကြသည်။
အိန္ဒိယ၏ Sensex စတော့ရှယ်ယာ ဈေးကွက်တွင် ဇွန်လ ၂၃ ရက် နံနက်ပိုင်း အရောင်းအဝယ်၌ ၆၄၅ ပွိုင့် သို့မဟုတ် ၀ ဒသမ ၇၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ Nifty 50 ဈေးကွက်တွင် ၁၈၉ ပွိုင့် သို့မဟုတ် ၀ ဒသမ ၇၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဇွန်လ ၂၂ ရက်က အမေရိကန်သည် Operation Midnight Hammer အမည်ရှိ စစ်ဆင်ရေးဖြင့် အီရန်၏ နျူကလီးယားစက်ရုံ ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာကာ ရင်းနှီးမြှုပ်နှံသူများအား စိုးရိမ်သောက ရောက်စေခဲ့သည်။
ထရမ့်သတင်းကြေညာနေမှုနဲ့ စတော့ရှယ်ယာဈေးကွက်ကို တွေ့ရစဉ်
ဂျပန်မှလွဲပြီး အခြားအာရှနိုင်ငံများ၏ စတော့ရှယ်ယာ ဈေးကွက်များသည် ၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ရေနံစိမ်း ဈေးနှုန်းသည် ၅ လအတွင်း ဈေးအကြီးဆုံး ဖြစ်လာခဲ့ကာ ငွေကြေးဖောင်းပွမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် စိုးရိမ်မှုများ ပေါ်ပေါက်ခဲ့သည်။
Nifty ၏ စတော့ရှယ်ယာကဏ္ဍ ၁၃ ခုစလုံးသည် အနည်းနှင့်အများဆိုသလို ကျဆင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများက ရွှေ၊ ဒေါ်လာနှင့် အမေရိကန်ငွေတိုက် စာချုပ်များကို ဝယ်ယူရန်သာ အာရုံစိုက်လာခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်က ရှယ်ယာဈေးကွက်များသည် ၁ ဒသမ ၆ ရာခိုင်နှုန်း ပြန်လည်ဦးမော့ လာခဲ့သော်လည်း လက်ရှိ ဖြစ်ပွားနေသည့် ပထဝီနိုင်ငံရေး တင်းမာမှုများက အခြေအနေကို အဆိုးဘက်သို့ ပြန်လည်ရောက်ရှိ သွားစေခဲ့ခြင်းဖြစ်ကာ ပြည်ပရင်းနှီးမြှုပ်နှံသူများက စီးပွားရေးအလားအလာကို သတိထားစောင့်ကြည့်နေသည်။
အမေရိကန်၏ IT ကုမ္ပဏီဖြစ်သည့် Accenture ကုမ္ပဏီ၏ ရှယ်ယာများကို ရုတ်တရက် ရောင်းထုတ်မှုသည် ကမ္ဘာလုံးဆိုင်ရာ IT နယ်ပယ်ကို အကျိုးသက်ရောက်မှုရှိစေခဲ့ပြီး အိန္ဒိယ IT ကုမ္ပဏီများကိုလည်း အနည်းငယ် ဂယက်ရိုက်ခတ်ခဲ့သည်။
Source: The New Indian Express