CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၆
အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများသည် အီရန်၏ နျူကလီးယား စွမ်းဆောင်ရည်ကို ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ၏ ကနဦး လေ့လာသုံးသပ်ချက်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။
အီရန်နှင့် အစ္စရေးကြား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသည် ကျိုးပျက်လွယ်သော အခြေအနေတွင် ထိုလေ့လာသုံးသပ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အီရန်နှင့် အစ္စရေးသည် အပြန်အလှန်လေကြောင်း တိုက်ခိုက်မှုများကို ၁၂ ရက်ကြာ ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၄ ရက် မနက်ပိုင်းတွင် တိုက်ခိုက်မှုများကို အဆုံးသတ်ခဲ့သည်။
ဇွန်လ ၂၂ ရက်က အမေရိကန်သည် ပေါင် ၃၀,၀၀၀ အလေးချိန်ရှိ ဗုံးများကိုကြဲချပြီး အီရန်၏ နျူကလီးယား စီမံကိန်းကို အလုံးစုံပျက်သုဉ်းစေခဲ့ကြောင်း ထရမ့်က ကြေညာခဲ့သည်။
သို့သော် ပင်တဂွန်၏ ထောက်လှမ်းရေးဌာနဖြစ်သည့် ကာကွယ်ရေး ထောက်လှမ်းရေး အေဂျင်စီကမူ အမေရိကန် ၏ ဗုံးကြဲတိုက်ခိုက်မှုများတွင် အီရန်နျူကလီးယားစီမံကိန်း၏ အဓိကအစိတ်အပိုင်းများကို ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိ ကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် နေရာများ၏ ထိခိုက်ပျက်စီးမှုကို လေ့လာချက်များအရ အီရန်၏ သန့်စင်ပြီး ယူရေနီယံ များသည် ပျက်စီးခဲ့ခြင်း မရှိကြောင်းနှင့် အီရန်သည် နျူကလီးယားစီမံကိန်းကို ၁ လ သို့မဟုတ် ၂ လခန့်သာ ဆိုင်းငံ့ရလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အိမ်ဖြူတော်ကမူ ထိုထုတ်ပြန်ချက်သည် မှားယွင်းကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ထရမ့်ကလည်း ထိုထုတ်ပြန်ချက်ကို ဖော်ပြခဲ့သည့် CNN သတင်းဌာနနှင့် New York Times သတင်းစာ တို့ကို ၎င်း၏ Truth Social လူမှုမီဒီယာတွင် ဝေဖန်ခဲ့သည်။
“သတင်းအမှားတွေတင်တဲ့ CNN ဟာ ကျရှုံးနေတဲ့ New York Times သတင်းစာနဲ့အတူ အုပ်စုဖွဲ့ပြီး သမိုင်း တလျှောက် အောင်မြင်မှု အရှိအဆုံး စစ်ရေးတိုက်ခိုက်မှုတွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ အဲဒီတိုက်ခိုက်မှုကို သိက္ခာချဖို့ ကြိုးပမ်းခဲ့ပြီး အီရန်ရဲ့ နျူကလီးယားစက်ရုံတွေ အားလုံးပျက်စီးခဲ့သလို CNN နဲ့ New York Times ကတော့ ပြည်သူတွေရဲ့ ရှုတ်ချမှုကိုခံခဲ့ရပါတယ်” ဟု ထရမ့်က ရေးသားခဲ့သည်။
Source: ရိုက်တာ