CNI International News

ဒူဘိုင်း၊ မေလ ၂၃

အီရန် နျူကလီးယား အရေးနှင့် ပတ်သက်၍ တင်းမာမှုများ ရှိနေချိန် ယခုလအတွင်း အမေရိကန်စစ်တပ်က ၎င်းတို့၏ အင်အားပြင်း ဗုံးလက်နက်တစ်ခု၏ ဓာတ်ပုံများကို ထုတ်ဖော်ပြသခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြ ထားသည်။

ထိုဗုံးများကို GBU-57 ဟု ခေါ်ပြီး ယင်းသည် ယူရေနီယံ သန့်စင်မှု လုပ်ဆောင်နေသော မြေအောက်ရှိ စက်ရုံများကို ဖျက်ဆီးရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ဘန်ကာဖျက် ဗုံးလက်နက်ကြီး (Massive Ordnance Penetrator) ဟုခေါ်သော GBU-57 လက်နက်များ၏ ပုံကို အမေရိကန်လေတပ်က မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း နောက်တွင် ပြန်ဖြုတ်ချသွားခဲ့ သည်။

ဓာတ်ပုံထဲတွင် ထိုလက်နက်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖော်ပြထားခြင်းကြောင့် ယခုကဲ့သို့ ပြန်ဖြုတ်ချ သွားခဲ့ပုံရသည်။

GBU-57 သည် မြေအောက် ဘန်ကာများကို ဖျက်ဆီးရေးနှင့် ပတ်သက်သည့် အမေရိကန်စစ်တပ်၏ နောက်ဆုံး လက်နက် ဖြစ်သည်။

အီရန်ရဲ့ မြေအောက် နျူကလီးယား စက်ရုံကိုတွေ့ရစဉ်

အီရန်အနေဖြင့် GBU-57 များ မရောက်ရှိနိုင်သော မြေအောက် နျူကလီးယားစက်ရုံတစ်ခု တည်ဆောက်ရေးတွင် တိုးတက်မှုများစွာ ရရှိထားသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်စစ်တပ်က ယခုကဲ့သို့ လက်နက်ပုံများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အီရန်၏ မြေအောက် နျူကလီးယားစက်ရုံများ တည်ဆောက် အောင်မြင်နေခြင်းနှင့် ပတ်သက်သည့် စိုးရိမ်မှုများ မြင့်တက်လာချိန် ၂၀၀၀ ပြည့်နှစ်များတွင် အမေရိကန်သည် GBU-57 များကို စတင်တီထွင်ခဲ့သည်။

လေတပ်မှ ထုတ်ပြန်ခဲ့သော လက်နက်ပုံများသည် Whiteman လေတပ်စခန်း အတွက်ဖြစ်ကာ ယင်းတွင် ဗုံးများ ကို သယ်ဆောင်နိုင်သည့် တစ်ခုတည်းသော B-2 ကိုယ်ပျောက် လေယာဉ်များ အခြေစိုက်သည်။

GBU-57 ဗုံးနှစ်လုံး ရရှိထားခြင်းကြောင့် ယင်း၏ စွမ်းဆောင်ရည်ကို စမ်းသပ်နိုင်တော့မည်ဆိုသည့် caption နှင့်အတူ ဗုံးပုံများကို တင်ခဲ့ခြင်း ဖြစ်သည်။

အီရန်ရဲ့ မြေအောက် နျူကလီးယားစက်ရုံကိုတွေ့ရစဉ်

အီရန်နျူကလီးယား အရေးနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်ချိန်တိုင်း အမေရိကန်စစ်တပ်သည် GBU-57 ပုံများကို ဖော်ပြလေ့ရှိပြီး ၂၀၁၉ ခုနှစ်ကလည်း B-2 ဗုံးကြဲ လေယာဉ်တစ်စင်းမှ GBU-57 ဗုံးနှစ်လုံး ပစ်ချလိုက် သည့် ဗွီဒီယိုဖိုင်တစ်ခုကို ထုတ်ပြန်ခဲ့ဖူးသည်။

ဗုံးပုံများကို တင်ကာ ပြန်ဖြုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန် လေတပ်ဘက်က တစ်စုံတစ်ရာ တုန့်ပြန်မှု မရှိ သေးသော်လည်း ထွက်ပေါ်လာသော ဓာတ်ပုံပါ ဗုံးတွင် ရိုက်နှိပ်ထားသည့် စာများအရ ယင်းတို့သည် ၁၂၃၀၀ ကီလို ဂရမ် အလေးချိန် ရှိသည်ဟု သိနိုင်သည်။

ထို့အပြင် ဗုံး၌ AFX-757 နှင့် PBXN-114 ကဲ့သို့ ဖောက်ခွဲရေးပစ္စည်းများ ပါဝင်ကြောင်းကိုလည်း တွေ့မြင်ရသည်ဟု လက်နက်ရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံပါ အချက်လက်များအရ ဗုံး၏ အလေးချိန် အများစုမှာ ယင်း၏ ထူထဲသော စတီးကိုယ်ထည်ကြောင့်ဖြစ်ပြီး ထိုစတီးကိုယ်ထည်က ဗုံးမပေါက်ခင် မြေကြီး သို့မဟုတ် ကွန်ကရစ်မျက်နှာပြင်များကို ထိုးဖောက်နိုင်ရန် ဆောင် ရွက်ပေးသည်။

သို့သော် လက်ရှိ အချိန်အထိ ဗုံး၏ စွမ်းဆောင်ရည် အတိအကျကိုမူ မသိရသေးပေ။

Source: AP