CNI International News

ဘန်ကောက်၊ မေလ ၂၃

Move Forward Party (MFP)ပါတီနှင့် ညွန့်ပေါင်းမဟာမိတ်ပါတီ(၇ ပါတီ)တို့သည် ရည်ရွယ်ချက် ကြီးမားသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ချမှတ်ပေးမည့် သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်။

ထိုသဘောတူညီချက်ထဲတွင် ဘုရင်စနစ်ကို ဖျက်သိမ်း သို့မဟုတ် ပြုပြင်ပြောင်းလဲရေးလုပ်မည်ဟု မပါဝင်ဘဲ နိုင်ငံ၏ ဘုရင်စနစ်ကို ဆက်လက် ထိန်းသိမ်းသွားရန် ကတိကဝတ်ပြုထားခြင်းဖြင့် လုပ်ဆောင်ခဲ့သည်ဟု ဘန်ကောက်ပို့စ်က ရေးသားဖော်ပြထားသည်။

တနင်္လာနေ့ ညနေပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ (MoU) သည် ၎င်းတို့ အတူတကွ ဖွဲ့စည်းခြင်းဖြင့် လာမည့် အစိုးရသစ်အတွက် မူဝါဒဆိုင်ရာ လမ်းပြမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု ညွန့်ပေါင်းပါတီများ က ပြောသည်။

အစိုးရသစ်၏ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီသော ဘုရင်စနစ်အပြင် တော်ဝင်မိသားစု၏ ဂုဏ်သတင်းနှင့် ရပ်တည်ချက်တို့ကို ထိခိုက်မှုမရှိစေရဟု MFP ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ် (Pita Limjaroenrat) က ပြောသည်။

လက်မှတ် ရေးထိုးကြောင်း ကြေညာချက် မတိုင်ခင် မဟာမိတ်ပါတီများသည် ဘုရင်စနစ်ကို ကာကွယ်ရေးနှင့် ပတ်သက်၍ MFP ပါတီအား စည်းရုံးနိုင်ခဲ့သည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

ထိုင်းဘုရင်ကိုတွေ့ရစဉ်

MFP ပါသည် မေလ ၁၄ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နေရာအများစုကို အနိုင်ရခဲ့ခြင်းဖြစ်ကာ တော်ဝင်မိသားစုနှင့် ပတ်သက်သည့် ဥပဒေကို ပြင်ဆင်လိုကြောင်း ပြောစကားကြောင့် ပြင်းထန်သော ဝေဖန်မှု များနှင့် ရင်ဆိုင်နေရသည်။

လက်မှတ် ရေးထိုးခဲ့သော မဟာမိတ်ပါတီများ(၇ ပါတီ)မှာ Pheu Thai (ဖြူးထိုင်း)ပါတီ၊ Prachachart ပါတီ။ Thai Sang Thai (ထိုင်းဆမ်ထိုင်း)ပါတီ၊ Seri Ruam Thai(စီရီ ရမ်လွန်း ထိုင်း) ပါတီ၊ Fair(ဖဲလ်)ပါတီ၊ Plung Sungkom Mai (ဖလမ် ဆန်ခွန် မိုင်)ပါတီနှင့် Peu Thai Rumphlang (ဖုထိုင်းရမ်ဖလိမ်း)ပါတီတို့ ဖြစ်သည်။

ထိုနားလည်မှု စာချွန်လွှာက ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ရည်မှန်းချက်ကြီးမားကာ အားလုံး ပါဝင်မှုရှိ သော အစီအစဉ်တစ်ခုကို ရှေ့ဆက်လုပ်ဆောင်ရန် ဖြစ်သည်။

ညွန့်ပေါင်းအဖွဲ့သည် တိုက်ရိုက် ရွေးကောက်ခံရသူများနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခု ရေးဆွဲခြင်းကို အလျင်အမြန် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်သည်။

ဗျူရိုကရေစီစနစ်၊ ရဲတပ်ဖွဲ့၊ လက်နက်ကိုင်တပ်ဖွဲ့နှင့် တရားစီရင်ရေးတို့တွင်လည်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင် နိုင်ရေး တွန်းအားပေးသွားမည် ဖြစ်သည်။

အစိုးရသစ်၏ အစီအစဉ်သစ်များတွင် လိင်တူလက်ထပ်ခြင်းကို အတည်ပြုမှုလည်း ပါဝင်သည်။ သို့သော် ယင်းကို ဘာသာရေး ရှုထောင့်အရ လက်မခံမှု ရှိလာနိုင်သည်။

Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ်ကို တွေ့ရစဉ်

စစ်မှု မထမ်းမနေရစနစ်မှ ကိုယ်ပိုင်သဘောဆန္ဒဖြင့် စစ်မှုထမ်းခြင်းစနစ်သို့ ပြောင်းလဲမည်လည်းဖြစ်ကာ နိုင်ငံ တောင်ပိုင်းရှိ နယ်စပ်ပြည်နယ်များတွင် တည်ငြိမ်သော ငြိမ်းချမ်းမှုရရှိရန် ဆောင်ရွက်သွားမည်။

အစိုးရသစ်သည် ဝင်ငွေမြှင့်ပေးခြင်း၊ အကျင့်ပျက် ခြစားမှု ကင်းစင်အောင် ဆောင်ရွက်ခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုကို တိုးမြှင့်ခြင်းဖြင့် စီးပွားရေး ပြဿနာများကို ဖြေရှင်းရန် စီစဉ်ထားသလို အဖျော်ယမကာအပြင် စီးပွားရေးကဏ္ဍများတွင် လက်ဝါးကြီး အုပ်မှုကိုလည်း အဆုံးသတ် သွားမည် ဖြစ်သည်။

အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များတွင် မြေယာပိုင်ဆိုင်မှု၊ လျှပ်စစ်မီးရရှိမှု၊ ပြည်သူ့အသုံးစရိတ် မြှင့်တင်မှု၊ မူးယစ်ဆေးဝါး၊ ရေလုပ်ငန်း၊ အလုပ်သမားအရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပြင် အကျင့်ပျက် ခြစားမှု တိုက်ဖြတ်ရေးတို့လည်း ပါဝင်နေသည်။

Source: ဘန်ကောက်ပို့စ်