CNI International News
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၈
အီရန်၏ နျူကလီးယားစီမံကိန်း အငြင်းပွားမှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အီရန်တို့သည် ဖေဖော်ဝါရီ ၁၇ ရက် က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ (Geneva) မြို့တွင် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးမှုများကို စတင်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်က အရှေ့အလယ်ပိုင်းဒေသသို့ စစ်အင်အားများ အလုံးအရင်း စေလွှတ်ထားသည်။
ထို့နောက် ဆွေးနွေးပွဲများ အောင်မြင်စေရန် အမေရိကန်အနေဖြင့် လက်တွေ့မကျသော တောင်းဆိုမှုများကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးသည့် ထိုဆွေးနွေးပွဲများတွင် အမေရိကန်သံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ဂျဲရက် ကူးရှ်နာ (Jared Kushner) တို့ ပါဝင် တက်ရောက်မည်ဖြစ်ပြီး အီရန်ဘက်မှ နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araqchi) တက်ရောက်မည်ဖြစ်သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ IAEA ကိုယ်စားလှယ်ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်းအနေဖြင့် ဂျီနီဗာ ဆွေးနွေးပွဲများတွင် သွယ်ဝိုက် သောနည်းဖြင့် ပါဝင်ပတ်သက် သွားမည်ဖြစ်ကြောင်း၊ အီရန် အနေဖြင့် သဘောတူညီချက်တစ်ခု ရယူလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
“သဘောတူညီချက် မရခဲ့ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို သူတို့ (အီရန်) အနေနဲ့ လိုလား မယ်လို့ ကျနော် မထင်ပါဘူး။ သူတို့ရဲ့ နျူကလီးယား စွမ်းရည်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ B-2 ဗုံးကြဲလေယာဉ် တွေ မလွှတ်ခင်ကတည်းက ကျနော်တို့ သဘောတူညီချက်တစ်ခု ရနိုင်ခဲ့တာပါ။ ဒါပေမဲ့ ကျနော်တို့က B-2 တွေကို လွှတ်ခဲ့ရတာပေါ့”ဟု ထရမ့်က ပြီးခဲ့သည့်နှစ်တွင် အီရန်နျူကလီးယား စက်ရုံများကို ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ် ကို ရည်ညွှန်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇွန်လက ဆွေးနွေးပွဲများ ပြန်လည် မစတင်မီ အီရန်နှင့် အစ္စရေးကြား ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွား ခဲ့ပြီးနောက် အမေရိကန်က အီရန် နျူကလီးယား စက်ရုံများကို ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယခု ဆွေးနွေးပွဲများကို ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အိုမန်သံအမတ်ကြီး၏ နေအိမ်တွင် ကျင်းပခဲ့ပြီး လုံခြုံရေး ကိုလည်း အထူးတင်းကျပ်ထားသလို ထိုနေအိမ် အပြင်ဘက်တွင် အီရန်သံတမန် အမှတ်တံဆိပ်ပါသည့် မော်တော် ယာဉ် အချို့ကိုလည်း တွေ့မြင်ရသည်။

အမေရိကန် စစ်သင်္ဘောအုပ်စုကို တွေ့ရစဉ်
တစ်ဖက်တွင်လည်း သမ္မတထရမ့်က တိုက်ခိုက်ရန် အမိန့်ပေးလာပါက အီရန်အပေါ် သီတင်းပတ် များစွာကြာမြင့် မည့် စစ်ဆင်ရေးများ ပြုလုပ်နိုင်ရန်အတွက် အမေရိကန်စစ်တပ်က ပြင်ဆင်နေကြောင်း အမေရိကန်အရာရှိနှစ်ဦး က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
အီရန်နိုင်ငံကလည်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ၌ စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်ခဲ့ပြီး ထိုရေလက်ကြားသည် ပင်လယ်ကွေ့ အာရပ်နိုင်ငံများမှ ရေနံတင်ပို့သည့် အရေးပါသော နိုင်ငံတကာ ရေလမ်းကြောင်းတစ်ခုဖြစ်သည်။
လက်ရှိတွင် အာရပ်နိုင်ငံများကလည်း အီရန်နှင့်အမေရိကန်ကြား အငြင်းပွားမှုများကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းကြရန် တောင်းဆိုထားသည်။
Source: ရိုက်တာ
