CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်က လေယာဉ်တင်သင်္ဘောတစ်စင်း ဦးဆောင်သည့် များပြားသော စစ်သင်္ဘောများကို ဖြန့်ကြက်ချထားချိန်၌ အီရန်နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အီရန် ကြား ဖေဖော်ဝါရီ ၂၆ ရက်မှာ သွယ်ဝိုက် ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ထိုဆွေးနွေးပွဲကို ကြားဝင်စေ့စပ်ပေးသော အိုမန်နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အယ် ဘူဆာအီဒီ (Badr al-Busaidi) ကမူ ဆွေးနွေးညှိနှိုင်းမှုများသည် သိသာသည့် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့ပြီး အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

သို့သော် ဆွေးနွေးပွဲများ မပြီးဆုံးမီ အချိန်တွင် အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက အီရန်အစိုးရသည် ယူရေနီယံ သန့်စင် မှုကို ဆက်လက် လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊ သန့်စင်ပြီး ယူရေနီယံများကို ပြည်ပသို့ လွှဲပြောင်းပေး ပို့ရန် အဆိုပြုချက်များကို ပယ်ချကြောင်း၊ နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများကို ရုပ်သိမ်းပေးရန် တောင်းဆို ကြောင်း ထုတ်လွှင့်ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

အီရန်နိုင်ငံပိုင်ရုပ်သံ၏ ထုတ်ပြန်ချက်အရ နျူကလီးယား ဆွေးနွေးပွဲများတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ တောင်းဆိုချက်များကို  အီရန်ဘက်က လိုက်လျောရန် အသင့်မဖြစ်သေးကြောင်း ပြသနေ ခြင်းဖြစ်သည်။

ထရမ့်က အီရန်၏ နျူကလီးယားစီမံကိန်းကို ထိန်းချုပ် ကန့်သတ်နိုင်မည့် သဘောတူညီချက်တစ်ခုကို အလိုရှိနေ ပြီး အီရန်အစိုးရသည် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည့် အခြေအနေကို အခွင့်အရေး တစ်ခုအဖြစ် ရှုမြင်ခဲ့သည်။

အီရန်ကလည်း အမေရိကန်နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့မည့် အခြေအနေကို ရှောင်လွှဲရန် ရည်ရွယ်ထားသော် လည်း ယူရေနီယံ သန့်စင်ပိုင်ခွင့်ရှိသည့် အချက်ကို ကိုင်စွဲထားကာ တာဝေးပစ် ဒုံးကျည်စီမံကိန်း သို့မဟုတ် ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့များကို ထောက်ပံ့ပေးခြင်း အစရှိသည့် အရေးကိစ္စများကို ဆွေးနွေးရန် ဆန္ဒမရှိ ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံအတွင်းကို တွေ့ရစဉ်

အမေရိကန်နှင့် အီရန်ကြား ပုံမှန်အဆင့် ကိုယ်စားလှယ်များ ပါဝင်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆွေးနွေးပွဲများ ကို လာမည့် သီတင်းပတ်တွင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ရုံးချုပ် အခြေစိုက်သော ဗီယင်နာ (Vienna) မြို့တော်၌ ဆက်လက် ပြုလုပ်သွားမည်ဟု ဘူဆာအီဒီ က ပြောကြားခဲ့သည်။

အမေရိကန်နှင့် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည်  အီရန်၏ အတင်းမာဆုံးနှင့် အချိန်အကြာဆုံး ညှိနှိုင်းမှုများထဲ တွင် ပါဝင်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araghchi)က နိုင်ငံပိုင်ရုပ်သံလိုင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။

စစ်ပွဲဖြစ်ပွားနိုင်ခြေနှင့်ပတ်သက်ပြီး အာရက်ချီက "စစ်ပွဲသာ တကယ် ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်သူမှနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ အကြီးအကျယ် ပျက်ဆီးဆုံးရှုံးမယ့် စစ်ပွဲဖြစ်လာပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

Source: အေပီ