CNI International News

ကာရာကက်စ်၊ စက်တင်ဘာ ၉

ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတိုက်အခံများဘက်မှ ကိုယ်စားလှယ် လောင်း အက်ဒ်မန်ဒို ဂွန်ဇာလက် (Edmundo González) သည် စပိန်တွင် ခိုလှုံခွင့်ရရှိခဲ့ပြီးနောက် ဗင်နီဇွဲလား နိုင်ငံအတွင်းမှ ထွက်ပြေးတမ်းရှောင်သွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့သဖြင့် နိုင်ငံအတွင်း တစ်ပါတီစနစ်ဖြင့် ဆယ်စုနှစ် ၂ စုကြာ အုပ်ချုပ်နေသည့် အခြေအနေကို အဆုံးသတ်လိုသော သန်းနှင့်ချီသည့် ပြည်သူများ၏ မျှော်လင့်ချက်ကို လျော့ပါး သွားစေခဲ့သည်။

ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ဂွန်ဇာလက် အနိုင်ရရှိခဲ့သည်ဟု အတိုက်အခံများနှင့် ပြည်ပအစိုးရများက ယူဆခဲ့ကြသည်။

ဂွန်ဇာလက် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားသည့် အကြောင်းကို စက်တင်ဘာ ၇ ရက် ညပိုင်းက ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီဂုဇ် (Delcy Rodríguez) က ကြေညာခဲ့ခြင်းဖြစ်သည်။

စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး မန်နျူရယ် အယ်လ်ဘာရက်စ်ကို တွေ့ရစဉ်

နိုင်ငံရေးတည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းရန်အတွက် ဖမ်းဆီးမိန့် ထုတ်ပြန်ခံထားရသည့် ဂွန်ဇာလက်ကို နိုင်ငံအတွင်းမှ ဘေးကင်းလုံခြုံစွာ ထွက်ခွာခွင့်ပြုရန် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု ဒယ်လ်စီက ပြောကြားခဲ့ သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဂွန်ဇာလက်ဇ်နှင့် အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (Maria Corina Machado) တို့က မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

ထိုအချိန်အတောအတွင်း စပိန်၏ ဗဟိုလက်ဝဲယိမ်းအစိုးရက ဂွန်ဇာလက်သည် ဗင်နီဇွဲလားလေတပ်၏ လေယာဉ် တစ်စင်းဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး မန်နျူရယ် အယ်လ်ဘာရက်စ် (José Manuel Albares) က ၎င်းတို့ အစိုးရသည် ဂွန်ဇာလက်၏ တောင်းဆိုချက်ဖြင့် နိုင်ငံရေးခိုလှုံခွင့် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂွန်ဇာလက်သည် ဗင်နီဇွဲလားမှ မထွက်ခွာမီ ကာရာကက်စ် ( Caracas) မြို့တော်ရှိ စပိန်သံရုံးတွင် ရက်အနည်း ငယ် နေထိုင်ခဲ့ကြောင်း အယ်လ်ဘာရက်စ်က ပြောကြားခဲ့သည်။

Source: အေပီ