CNI International News

ကာရာကက်စ်၊ သြဂုတ် ၅

ဗင်နီဇွဲလားနိုင်ငံတစ်ဝန်းတွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲရလဒ်အပေါ် ထောင်နှင့်ချီသည့် နိုင်ငံသားများက သြဂုတ် ၃ ရက်၌ ဆန့်ကျင်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့နောက် သမ္မတမာဒူရို(Nicolas Maduro)က ရွေးကောက်ပွဲရလဒ်အား ဆန္ဒပြမှုများအတွင်း လူ ၂၀၀၀ ကို ဖမ်းဆီးခဲ့သည်ဟု သူ၏ ထောက်ခံသူများကို ပြောကြားခဲ့သည်။

အစိုးရအဖွဲ့နှင့် ပူးပေါင်းထားသော အမျိုးသားရွေးကောက်ပွဲကောင်စီက ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲတွင် မာဒူရိုက အနိုင်ရရှိကြောင်း ထုတ်ပြန်ခဲ့သည်။

မာဒူရိုသည် မဲအရေအတွက် ၅၁ ရာခိုင်နှုန်းရရှိခဲ့ပြီး အတိုက်အခံ ကိုယ်စားလှယ်လောင်း အက်ဒ်မွန်ဒို ဂွန်ဇာလက်(Edmundo Gonzalez)က မဲအရေအတွက် ၄၆ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ဇူလိုင် ၂၉ ရက်တွင် အမျိုးသားရွေးကောက်ပွဲကောင်စီက ထုတ်ပြန်ခဲ့သည်။

ဗင်နီဇွဲလားမှာ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်နေကြစဉ်

ရွေးကောက်ပွဲရလဒ်သည် မဟုတ်မမှန် လုပ်ကြံထားကြောင်း စွပ်စွဲချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာကာ ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ 

မာဒူရို၏အစိုးရက အမေရိကန် ကျောထောက်နောက်ခံပြု အာဏာသိမ်းရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဟု ခေါင်းစဉ်တပ်ထားသော ယင်းဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းခဲ့သည်။

“အခုတစ်ကြိမ်တော့ ခွင့်လွှတ်ပေးသွားမှာ မဟုတ်ပါဘူး”ဟု မာဒူရိုက ကာရာကက်စ် (Caracas) မို့တွင် ပြုလုပ်သည့် လူထုစည်းဝေးပွဲ၌ ထောက်ခံသူများကို ပြောကြားခဲ့သည်။

ထို့နောက် ဆန္ဒပြမှုများအတွင်း ရာဇဝတ်မှုများနှင့် ဆက်နွှယ်၍ လူ ၂၀၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

မာဒူရိုကို ထောက်ခံသူများက ၎င်းတို့သည် ဒီမိုကရေစီကို ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

“ဒီနေ့ ကျနော်တို့တွေအနေနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ ကျနော်တို့ သမ္မတကြီးရဲ့ ဖိတ်ခေါ်ချက်အတိုင်း ရောက်ရှိ နေတာ ဖြစ်ပါတယ်” ဟု ကာရာကက်စ်မြို့တွင် အစိုးရလိုလားသော လူထုစုဝေးမှု၏ တစ်စိတ်တစ်ပိုင်းကို ဦးဆောင်သည့် ဗင်နီဇွဲလား၏ Fontur သမဂ္ဂဥက္ကဋ္ဌ အယ်ဖရက်ဒိုဗာလီရာ(Alfredo Valera)က ပြောကြားခဲ့သည်။

ဗင်နီဇွဲလားမှာ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်နေကြစဉ်

အတိုက်အခံဘက်မှ ထောက်ခံသူများသည် ပုန်းအောင်းနေရာမှ ကာရာကက်စ်မြို့၏ လမ်းများပေါ်တွင် ဆန္ဒပြမှု များနှင့် ပူးပေါင်းပါဝင်ရန် ထွက်ပေါ်လာသည့် ခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို(Maria Corina Machado) နှင့်အတူ တရားမျှတမှုကို တောင်းဆိုရန် ချီတက်ခဲ့ကြသည်။

မာချာဒိုက သူသည် အသက်အန္တရာယ် စိုးရိမ်သည့်အတွက် ပုန်းအောင်း နေထိုင်ခဲ့ရခြင်းဖြစ်ကြောင်း  Wall Street ဂျာနယ်ကို ပြောကြားခဲ့ပြီးနောက် အတိုက်အခံဘက်မှ ထောက်ခံသူများက မာချာဒိုကို လမ်းပေါ်တွင် မြင်တွေ့ခဲ့ရ သည့်အပေါ် အလွန်ပျော်ရွှင်ခဲ့ကြသည်။

ကာရာကက်စ်အပြင် ဗလန်စီယာ(Valencia)၊ မာရာကိုင်ဘို(Maracaibo)နှင့် ဆန်ခရစ်စတိုဘယ်(San Cristobal) အပါအဝင် မြို့အများအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ဆန္ဒပြပွဲများတွင် အနည်းဆုံးလူ ၂၀ သေဆုံးခဲ့ပြီး လူ ၁၂၀၀ ခန့် ဖမ်းဆီး ထောင်ချ ခံထားရသည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အပါအဝင် တက်ကြွလှုပ်ရှား သူများ အဖွဲ့များက ထုတ်ပြန်ထားသည်။

Source - ရိုက်တာ