CNI International News

ကာရာကက်စ်၊ စက်တင်ဘာ ၁၁

ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolás Maduro) ကို ရာထူးမှ ဖြုတ်ချရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို (Maria Corina Machado) က ၎င်း၏ ထောက်ခံသူများကို ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတိုက်အခံများဘက်မှ ကိုယ်စားလှယ်လောင်း အက်ဒ်မန်ဒို ဂွန်ဇာလက် (Edmundo González) သည် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးနောက် မာချာဒိုက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂွန်ဇာလက်သည် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားသည့်တိုင် မိမိတို့ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ အနေဖြင့် သမ္မတအာဏာကို ထိန်းချုပ်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း မာချာဒိုက အခြား အတိုက်အခံ ခေါင်းဆောင်များ၊ သတင်းထောက်များ၊ နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် အွန်လိုင်းပေါ်တွင် ပြုလုပ်သည့် အစည်းအဝေး၌ ပြောသည်။ 

ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် မိမိတို့ ကိုယ်စားလှယ်လောင်း ဂွန်ဇာလက် အနိုင်ရရှိခဲ့သည့် သက်သေ အထောက်အထားများရှိသော်လည်း ရွေးကောက်ပွဲအာဏာပိုင်များက မာဒူရိုကို အနိုင်ရရှိသူအဖြစ် ကြေညာခဲ့သည်ဟု မာချာဒိုနှင့် အခြားအတိုက်အခံများက ပြောကြားခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဂွန်ဇာလက်ကို တွေ့ရစဉ်

ဂွန်ဇာလက်သည် ပြည်ပနိုင်ငံတွင် နေထိုင်ပြီး ဘေးကင်းလုံခြုံစွာဖြင့် ဗင်နီဇွဲလား အတိုက်အခံ ကိုယ်စားလှယ် လောင်းတစ်ဦး၏ တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်လိမ့်မည်ဟုလည်း မာချာဒိုက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ချိန်တွင် လူပေါင်း ၂၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ဂွန်ဇာလက်ဇ်သည် ကာရာကက်စ် (Caracas) မြို့တော်ရှိ စပိန်သံရုံး၌ ခိုလှုံနေထိုင်ခဲ့ရသည်။

ထို့ပြင် အတိုက်အခံခေါင်းဆောင် မာချာဒိုသည်လည်း လက်ရှိတွင် မည်သည့် နေရာ၌ ရှိနေသည်ဆိုခြင်းကို မသိရသေးဘဲ ပုန်းအောင်နေထိုင်နေရသည်။

အသက် ၇၅ နှစ်အရွယ် ဂွန်ဇာလက်သည် စပိန်တွင် နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့ပြီးနောက် ဗင်နီဇွဲလား အာဏာပိုင်များ ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာခွင့်ရရှိခဲ့ကာ စက်တင်ဘာ ၈ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ် (Madrid) မြို့တော်သို့ ရောက်ရှိခဲ့သည်။

နိုင်ငံရေးတည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန်အတွက် ဂွန်ဇာလက်ကို နိုင်ငံအတွင်းမှ ဘေးကင်းလုံခြုံစွာ ထွက်ခွာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဗင်နီဇွဲလားအစိုးရက စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။

Source: အေပီ