CNI International News

ကာရာကက်စ်၊ ဩဂုတ် ၇

ဗင်နီဇွဲလားနိုင်ငံတွင် ထိပ်သီးအစိုးရရှေ့နေတစ်ဦးက အတိုက်အခံ ခေါင်းဆောင်များဖြစ်သည့် အက်ဒ်မွန်ဒို ဂွန်ဇာလက် (Edmundo Gonzalez)နှင့် မာရီယာ ကော်ရီနာ မာချာဒို(Maria Corina Machado)တို့အား ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဂွန်ဇာလက်နှင့် မာချာဒိုတို့သည် ဗင်နီဇွဲလားသမ္မတ မာဒူရို(Nicolas Maduro)အား မထောက်ခံရန်နှင့် ဆန္ဒပြသူများကို ဖိနှိပ်မှုအား ရပ်တန့်ရန် စစ်တပ်ကို တိုက်တွန်းခဲ့သည့်အတွက် ထိုကဲ့သို့ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံရခြင်းဖြစ်သည်။

အစိုးရရှေ့နေချုပ် တာရက်ဝီလျှံဆပ်(Tarek William Saab)၏ ထုတ်ပြန်ချက်တွင် စုံစမ်းစစ်ဆေးမှု ပြုလုပ်မည့် အကြောင်းကို အတိုက်အခံ ခေါင်းဆောင်နှစ်ဦးထံ တိုက်ရိုက်ပေးပို့ခဲ့သည်။

ဆပ်၏ ကြေညာချက်ကို X လူမှုမီဒီယာတွင် တင်ခဲ့ပြီး ဂွန်ဇာလက်နှင့် မာချာဒိုတို့သည် ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ ရွေးကောက်ပွဲကောင်စီ၏ တရားဝင် ကြေညာချက်ကို  လျစ်လျူရှုပြီး ထိုရွေးကောက်ပွဲတွင် ဂွန်ဇာလက် အနိုင်ရရှိကြောင်း မှားယွင်းစွာ ကြေညာခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဂွန်ဇာလက်နှင့် မာချာဒိုတို့သည် ရဲတပ်ဖွဲ့နှင့် စစ်တပ်အရာရှိများကို တရားဥပဒေ လေးစားလိုက်နာခြင်း မရှိစေရန် ပွင့်ပွင့်လင်းလင်း သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့နဲ့ ဆန္ဒပြသူများကို တွေ့ရစဉ်

ဗင်နီဇွဲလားတွင် နိုင်ငံရေး အငြင်းပွားမှုများ ဖြစ်ပွားပါက စစ်တပ်သည် အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍက ရှိသော်လည်း ယခုဖြစ်စဉ်တွင် စစ်တပ်သည် မာဒူရိုကို ဆန့်ကျင်သည့်လက္ခဏာများ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။

ဂွန်ဇာလက်နှင့်မာချာဒိုတို့ကမူ မာဒူရိုအပေါ် သစ္စာခံနေခြင်းအား ပြန်လည်စဉ်းစားဆင်ခြင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် စစ်တပ်အရာရှိများကို တိုက်တွန်းခဲ့သည်။

“စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေနဲ့ သူတို့ရဲ့မိသားစုတွေဘက်က ရပ်တည်ကြဖို့ ကျနော်တို့ မေတ္တာရပ်ခံ ပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ကျနော်တို့ အနိုင်ရခဲ့တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး၊ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာပါ။ အခုချိန်မှာတော့ လူထုရဲ့အသံကို လေးစားလိုက်နာဖို့ အချိန်ကျပါပြီ”ဟု ဂွန်ဇာလက်နှင့် မာချာဒို တို့က ပြောကြားခဲ့သည်။

ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အာဏာပိုင်များက မဲရလဒ် စုစုပေါင်းကို ထုတ်ပြန် ခြင်းမရှိဘဲ သမ္မတမာဒူရို အနိုင်ရကြောင်း ကြေညာခဲ့သော်လည်း အတိုက်အခံများကမူ ၎င်းတို့ဘက်မှ  မဲရလဒ် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရကြောင်း ကြေညာခဲ့သည်။

Source-အေပီ