CNI International News

ဘာရီနက်စ်၊ ဇူလိုင် ၈

ဗင်နီဇွဲလားနိုင်ငံတွင် အတိုက်အခံပါတီဖြစ်သည့် Democratic Unity Roundtable ပါတီဝင်များသည် ဇူလိုင် ၆ ရက်က ဘာရီနက်စ် (Barinas) မြို့၌ စုရုံးခဲ့ကြပြီး အတိုက်အခံ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း အက်ဒ်မန်ဒို ဂွန်ဇာလက် အာရူရှား (Edmundo Gonzalez Urrutia) ကို ထောက်ခံကြောင်း ပြသခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဗင်နီဇွဲလားတွင် ဇူလိုင် ၂၈ ရက်၌ သမ္မတရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး တရားဝင် မဲဆွယ်စည်းရုံးမှုများကို ယခုသီတင်းပတ်အတွင်း စတင်ခဲ့ကာ အတိုက်အခံများက ကွယ်လွန်သွားသည့် သမ္မတဟောင်း ဟူဂိုချာဗက်ဇ် (Hugo Chavez) ၏ မွေးရပ်ဇာတိဖြစ်သည့် ဘာရီနက်စ်ပြည်နယ် ဘာရီနက်စ်မြို့တွင် စုရုံးခဲ့ကြသည်။

ထိုစုရုံးပွဲကို ကျောင်းသားများ၊ ပြည်နယ်အစိုးရဝန်ထမ်းများ၊ အငြိမ်းစားယူပြီးသူများ၊ စိုက်ပျိုးရေး လုပ်သားများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ခဲ့ပြီး နိုင်ငံကို ၂၅ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဆိုရှယ်လစ် အစိုးရများ၏ လက်အောက်မှ လွတ်လပ်ခွင့်ပေးရန် တောင်းဆိုဟစ်ကြွေးခဲ့ကြသည်။

အထူးသဖြင့် ဗင်နီဇွဲလားတွင် စိုးရိမ်ပူပန်မှု ကင်းစွာဖြင့် လူမှုမီဒီယာများ၌ အစိုးရကို ဝေဖန်ပိုင်ခွင့် အပါအဝင် အခြား လွတ်လပ်ခွင့်များကိုလည်း ရရှိရန် အတိုက်အခံများက ကြိုးပမ်းလျက်ရှိသည်။

 ဗင်နီဇွဲလား အတိုက်အခံက လူထုစုရုံးမှုလုပ်နေစဉ်

“ကျမ စီးပွားရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဝယ်ယူခွင့် လိုချင်ပါတယ်။ ကျမတို့ ပိတ်လှောင်ခံထားသလို ခံစား နေရပါတယ်။ ကျမတို့ ဆန္ဒတွေ၊ အိပ်မက်တွေကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး” ဟု အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည့် ဗာဂျီးနီးယား လင်းဂရက် (Virginia Linares) က ပြောကြားခဲ့သည်။
ဗင်နီဇွဲလားတွင် ယခုရက်ပိုင်းအတွင်း အစိုးရ ဝန်ထမ်းများ၏ အနိမ့်ဆုံး လုပ်ခလစာသည် ၃ ဒသမ ၆၀ ဒေါ်လာနှင့် အပိုဆုကြေးငွေ ဒေါ်လာ ၁၃၀ သာရရှိနေပြီး ပုဂ္ဂလိကကဏ္ဍများ၌ လုပ်ကိုင်သူများသည် တစ်လလျှင် ဒေါ်လာ ၂၁၀ အထိ ပျမ်းမျှရရှိနေသည်။ 

သို့သော် ထိုလစာငွေများသည် မိသားစု တစ်စုအတွက် လုံလောက်သည့် အစားအစာများကို ဝယ်ယူနိုင်ခြင်းမရှိဘဲ ဗင်နီဇွဲလားမိသားစုတစ်စု၏ ပျမ်းမျှ တစ်လကုန်ကျစရိတ်သည် ဒေါ်လာ ၃၈၀ ဖြစ်သည်။

ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲသည် လက်ရှိ ဗင်နီဇွဲလား သမ္မတဟောင်း ချာဗက်ဇ် သမ္မတဖြစ်လာခဲ့သည့် ၁၉၉၉ ခုနှစ်မှစပြီး ယနေ့အချိန်အထိ အာဏာရ United Socialist Party of Venezuela (PSUV) ပါတီအတွက် အကြီးမား ဆုံး စိန်ခေါ်မှုဖြစ်လာမည် ဖြစ်သည်။

Source: အေပီ