CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို တက်ရောက်ခဲ့သည့် နစကဒုဥက္ကဋ္ဌ  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ တရုတ်ပြည်ခရီးစဉ်မှတဆင့် မြန်မာနိုင်ငံတွင် ရပ်တန့်နေသော ကုန်သွယ်ရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မလားဆိုသည့်အပေါ် နိုင်ငံရေးနှင့် စီးပွားရေး အသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ အိမ်နီးချင်း ကောင်း၊ မိတ်ဆွေ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင်ဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့နှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့က တရုတ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်ကို အခြေခံ၍ ဆွေးမျိုး ပေါက်ဖော် ဆက်ဆံရေးကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး နှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

 ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို လက်နက်ကိုင်များတိုက်ခိုက်လာလို့ ထွက်ပြေးနေကြတဲ့ ဒေသခံများရဲ့ ကားတန်းကြီးကို တွေ့ရစဉ်

အလားတူ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုံခြုံရေး အပြည့်အဝရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်းကစား ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ကိုးကန့် တပ်ဖွဲ့ (MNDAA) တို့က တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေပြီး နယ်စပ်ကုန်သွယ်ရေးများလည်း ရပ်တန့်လျက်ရှိ နေသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ တရုတ်ပြည်ခရီးစဉ်မှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်း အဝေး သွားရောက်တက်ခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲအပေါ် သက်ရောက်မှု အများအပြား မရှိနိုင်ကြောင်း နိုင်ငံရေး သုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့ ကျနော်တို့ သာမန် အစည်းအဝေးခေါ်လို့ ရှန်ဟိုင်းအဖွဲ့ဝင်မို့လို့ အစည်းအဝေး သွားတက်တယ်၊ သွားတက်ပြီးတော့ ဟိုမှာ သံတမန်ထုံးစံအရ သင့်သင့်လျှောက်ပတ်စွာ ပြောဆိုကြတာပေါ့နော်၊ ဒါပါပဲ၊ ဒီထက် လည်း ဘာမှ မပိုဘူး။ နောက်ထပ် ဖြစ်လာစရာလည်း မရှိဘူး။ သဘောတူညီချက်တွေ Agreement တွေဟာလည်း လွှတ်တော် မရှိတော့ ခက်တယ်လေ၊ အတည်ပြုမယ့်သူလည်း မရှိဘူးပေါ့နော်” ဟု ပြောသည်။

နစကအနေဖြင့် တရုတ် - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှု၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖော်ဆောင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြ သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့က ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့မစ္စရှန်ယွဲ့ယွဲ့ကို တွေ့ရစဉ်

မြန်မာပြည် မတည်မငြိမ်ဖြစ်နေခြင်းက တရုတ်အတွက် အကျိုးအမြတ်ရနေစေသည်ဟု လီဆူအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်ကလည်း သူ့ရဲ့ အကျိုးစီးပွားကလည်း ရှိတာကို၊ သူ့ရဲ့ အကျိုးစီးပွားကလည်း မတည်ငြိမ်လေလေ ကောင်းကောင်းလေလေ ဖြစ်နေတာကို၊ မတည်ငြိမ်လေလေ သူက ကျနော်တို့ နိုင်ငံမှာရှိတဲ့ သတ္ထုတွေ သဘာဝ တွေကို အခုဆိုရင် မတည်ငြိမ်ချိန်မှာ ကားက အကြီးအကျယ် သစ်တွေထုတ်၊ ဘာထုတ် လုပ်နေတယ်၊ တည်ငြိမ် သွားရင်တော့ တရားဥပဒေစိုးမိုးသွားရင်တော့ ဒါတွေက ထုတ်လို့ မရတော့ဘူး။ အခုက သစ်တွေက ထုတ်နေတာ ကို” ဟု ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်စပ်ကုန်သွယ်ရေး မှာ ရပ်တန့်လျက်ရှိနေသလို ဒေသခံပြည်သူ အများစုမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင် လျက်ရှိ နေသည်။