CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈
 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ လုပ်ရပ်များကို ကူညီထိန်းကြောင်းပေးရန် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA/UWSP)စစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန်းကို ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP/SSA)မှ စာပို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

SSPP/SSA ဒုဥက္ကဋ္ဌ(၁) စောဝ်ခေးတိုင်း လက်မှတ်ထိုး၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့က UWSA/UWSP စစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန်းကို စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာထဲတွင် မဟာမိတ် PSLF/TNLA တပ်ဖွဲ့များသည် မိမိတို့ SSPP/SSA တပ်ဖွဲ့များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့တွင် (ပူးတွဲနောက်ဆက်တွဲတွင် တင်ပြထားသည့်အတိုင်) ၄ ကြိမ်တိုင်တိုင် အစီအစဉ် ရှိရှိဖြင့် တစွတ်ထိုး ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ရပါသည်ဟု ဖော်ပြထားသည်။

ထို့နောက် မဟာမိတ် PSLF/TNLA နှင့် မိမိတို့ SSPP/SSA ဆက်ဆံရေး အခြေအနေကို မဟာမိတ် UWSP/UW SA နှင့် မိမိတို့ SSPP/SSA ဆက်ဆံရေးကဲ့သို့ အပြန်အလှန် လေးစားမှုနှင့် ကူညီဖေးမမှုရှိခြင်းများဖြင့် ရှေ့ဆက် ချီတက်သွားနိုင်ရေးအတွက် UWSP/UWSA လူကြီးမင်းများ၏ ကူညီထိန်းကြောင်းပေးမှုများ အထူးလိုအပ်လျက် ရှိပါသည်ဟု SSPP/SSA က ပေးပို့ခဲ့သော စာထဲတွင် ဖော်ပြထားသည်။

SSPP က UWSA စစ်ဦးစီးချုပ်ထံ ပေးပို့တဲ့စာကိုတွေ့ရစဉ်

ထို့ကြောင့် မဟာမိတ် UWSP/UWSA လူကြီးမင်းများ သိရှိနိုင်ပါရန်နှင့် လိုအပ်သလို ကူညီထိန်းကြောင်းပေးမှု များ ပြုလုပ်သွားနိုင်ပါရန် အကူအညီ တောင်းခံတင်ပြအပ်ပါသည်ဟု SSPP/SSA ဒုဥက္ကဋ္ဌ(၁) စောဝ်ခေးတိုင်း၏ စာထဲတွင် ပြောထားသည်။

TNLA သည် ကျောက်မဲနှင့် နောင်ချိုမြို့နယ်များအတွင်းရှိ SSPP စစ်စခန်းများကို တိုက်ခိုက်ခဲ့၍ နှစ်ဖက် တိုက်ပွဲ အနည်းအငယ် ဖြစ်ပွားခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ SSPP တပ်ဖွဲ့ဝင်များအား လက်နက်များဖြုတ်ပြီး တပ်ပြောင်းရွှေ့ခိုင်းမှုများလည်း ပြုလုပ်ခဲ့သည်။

ထို့နောက် SSPP ကလည်း ဇူလိုင် ၇ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းမှာ လှုပ်ရှားလာသည့် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကို လက်နက်ဖြုတ်သိမ်း၍ တပ်ပြောင်းရွှေ့ခိုင်းခဲ့သလို ဇူလိုင် ၆ ရက်နေ့က မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့ဘက် ရောက်လာသည့် TNLA တပ်ဖွဲ့များကို SSPP က တပ်ပြောင်း ရွှေ့ခိုင်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ လက်နက်ကိုင် ၂ ဖွဲ့ကြား ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ နယ်မြေအငြင်းပွားနေသလို အုပ်ချုပ်ရေး အငြင်းပွားကာ စစ်ရေးတင်းမာလျက်ရှိနေသည်။