CNI News

၂၀၂၅ ခုနှစ်၊ မေ ၉

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားခံရသည့် “ဝ”တပ်ဖွဲ့ (UWSA)၏ နိုင်ငံရေးအဆင့်အတန်းသည် လွတ်လပ်ရေး မကြေညာရုံအဆင့်အထိ ကြီးမားပြီး အချုပ်အခြာအာဏာ အကုန်ရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြော သည်။

“ဝ”တပ်ဖွဲ့ (UWSA)သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခုဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားခံရကာ အုပ်ချုပ်နေခြင်းဖြစ်သည်။

အခြားသော တိုင်းရင်းသားလက်နက်ကိုင်များ(EAOs)၏ နိုင်ငံရေး ရည်မှန်းချက်များတွင် “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုး လိုချင်ကြပြီး မရနိုင်ခဲ့ပါ အထူးဒေသအဖြစ် သတ်မှတ်ပေးရေးကို သဘောထားဆန္ဒများရှိ နေကြသည်။

“ဝ” ခေါင်းဆောင်နဲ့ တရုတ်အထူးကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ မစ္စတာဆွန်ကော်ရှန်းကို တွေ့ရစဉ်

ဦးခွန်းဆိုင်က “ဒီဥစ္စာကတော့ “ဝ” အခြေအနေကို ကြည့်ရမှာပေါ့။ “ဝ” အခြေအနေက ဘာလဲဆိုတော့ လွတ်လပ် ရေး မကြေညာရုံ တမယ်ပဲလေ။ သူတို့မှာအကုန်ရှိနေတယ်။ အချုပ်အခြာအာဏာတွေ အကုန်ရှိနေတယ်။ ကိုယ့် တပ်နဲ့ကိုယ် ရှိနေတယ်။ အဲဒီတော့ တရုတ်ကပြောပြောနေတဲ့ တိုင်းပြည်ကတော့ တစ်ခုတည်း စနစ်ကတော့ နှစ်ခု ဆိုတဲ့ဟာမျိုး။ ကျနော်တို့နိုင်ငံက ဘာနိုင်ငံကြီးပဲဖြစ်ဖြစ် ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပဲဖြစ်ဖြစ် တစ်ပြည် ထောင်ပဲဖြစ်ဖြစ် သူတို့ကတော့ သီးခြားရပ်တည်မယ်ပေါ့နော်။ လွတ်လပ်ရေး မကြေညာရုံတမယ်ပဲပေါ့။ “ဝ”ဆိုရင် သူတို့ အခမ်းအနားလုပ်ရင် ကြည့်လိုက်၊ ပြည်ထောင်စုအလံလည်းရှိတယ်၊ “ဝ”အလံလည်းရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုတပ်က ဝင်လို့မရဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

အာရက္ခတပ်တော်(AA)သည် ၎င်း၏ အနိမ့်ဆုံး နိုင်ငံရေးအဆင့်မှာ “ဝ”ကဲ့သို့ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းကို ရလိုပြီး အမြင့်ဆုံးအနေဖြင့် သီးခြားလွတ်လပ်သော နယ်မြေထူထောင်ရေး ရည်မှန်းချက်များ ရှိနေကြောင်း ပြောကြားထားဖူးသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့ကာ တစ်နှစ် ကျော်ကြာ ကာလအတွင်း ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ မြို့နယ်၌ ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

“ဝ” အနေဖြင့် ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် နိုင်ငံရေးအဆင့်အတန်းမျိုး ရရှိခြင်းမှာ နိုင်ငံတော်ကို ကာကွယ်ရေး အတွက် ဆောင်ရွက်ပေးခဲ့သည့် ဖြစ်စဉ်များကြောင့်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်

၎င်းက “အရင်တုန်းက ယိုးဒယားနဲ့ နယ်စပ်ပြဿနာဖြစ်တော့ အဲဒီတုန်းက SURA ပေါ့။ အခုတော့ ငြိမ်းချမ်းရေးယူ ထားတဲ့ ဦးယွက်စစ်တို့ ဘာတို့ သူတို့အဖွဲ့တွေနဲ့ တိုက်ကြတဲ့အချိန်မှာ “ဝ”က မြန်မာဘက်ကနေ ကာကွယ်ပြီး တော့ နယ်မြေပိုင်းဆိုင်ရာ ပြောရရင်တော့ မြန်မာ့တပ်မတော်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ဝင်ပြီးတော့ နိုင်ငံတော်ကာကွယ်ရေး အင်အားစု ချထားခဲ့ဖူးတယ်။ အဲဒီတော့ ခုနကပေးတဲ့ “ဝ” ဒေသပေးတဲ့ ကိစ္စရပ်တွေမှာ သူတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ပေးတာရှိတယ်။ “ဝ” ရဲ့ ဖြစ်တည်လာမှုနဲ့ သူနေရာ ရထားတဲ့ ဟာတွေက အဲဒီအပေါ်မှာ မူတည်ထားတာ။ AA က “ဝ”ပုံစံမျိုး လိုချင်တယ်ဆိုတော့ ဟုတ်ပြီ။ အဲဒီတော့ နိုင်ငံ တော်ကာကွယ်ရေးအတွက် သူဘာလုပ်ထားလဲဆိုတာ ပြန်မေးရမှာ။ “ဝ”ရဲ့အဆင့်အတန်း ဘယ်လိုရှိလဲဆိုရင် နိုင်ငံတော်ကို ကာကွယ်ထားတဲ့ ကာကွယ်မှုကြောင့်၊ နဝတ၊ နယကခေတ်မှာ တစ်ခုခုတော့ ဒါကို ပြန်လည် ချီးမြှောက်မှု ရှိသင့်တယ်ဆိုတဲ့ ပုံစံနဲ့ နောက်ပိုင်းတွေ ငြိမ်းချမ်းရေးဘာညာက အသေးစိတ်ပေါ့။ အဓိက အကြောင်း အရင်း တစ်ချက်ကတော့ ဒါပါ။ အဲဒါကြောင့်မို့လို့ အခြေခံဥပဒေရေးဆွဲတဲ့အချိန်မှာ ဒါကိုထည့်ခဲ့တာ။ “ဝ”အဆင့် အတန်းထက် ကျော်လွန်ပြီး လိုချင်တယ်ဆိုရင်တော့ “ဝ” အဆင့်အတန်းမျိုး ရောက်အောင် AA က ဘာလုပ်ခဲ့လဲ ဆိုတဲ့ မေးခွန်း အရင်ဖြေဖို့လိုတယ်။ အဲဒါမဖြေနိုင်ရင်တော့ “ဝ”လို အဆင့်အတန်းမျိုး မပြောနဲ့ အခုလက်ရှိနေရာ တောင် ကောင်းကောင်း ရပ်တည်အောင် သူကြိုးစားရမယ်လို့ ထင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟူ၍ သတ်မှတ်ပေးထားသည်။